ဒုက္ခသည်များ နေရာပြန်ချထားရန် ရခိုင်အစိုးရ စီစဉ်နေ

ဒုက္ခသည်များ နေရာပြန်ချထားရန် ရခိုင်အစိုးရ စီစဉ်နေ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အောက်တိုဘာလအတွင်း စတင်တော့မည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် ဒုက္ခသည်များ ပြန်လည်နေရာချထား ရေးသည် အချက် တစ်ချက်အဖြစ် ပါ၀င်ပြီး အောက်တိုဘာလအတွင်းတွင် အဆောက်အအုံများ ပြန်လည်တည်ဆောက်မှုကို စတင်ရန် စီစဉ်မည်ဟု ၎င်းက ဆိုသည်။

UN-special-advisor-Vijay-Nambiar-visits-Rakhine

“ဒုက္ခသည်စခန်းတွေက နေရာတစ်ခုကို ပြောင်းရွှေ့ဖို့ စီစဉ်တာပါ၊ သူတို့ မူလနေခဲ့တဲ့ နေရာတော့ ဟုတ်ချင်မှ ဟုတ်မယ်” ဟု ဦးလှဟန်က ပြောသည်။

သို့သော် ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေးကို ဒေသခံအဖွဲ့အစည်းများနှင့် ကာယကံရှင်များကို အသိပေးထားခြင်း မရှိသေးဟု ဆိုသည်။

“ဒုက္ခသည် စခန်းတစ်ခုက နောက်တစ်ခု ပြောင်းရရင်တော့ မထူးဘူးလေ၊ ကျွန်တော်တို့ ကိုယ်တိုင် စီးပွားရေးလုပ်နိုင်တဲ့ နေရာပဲဖြစ်သင့်တယ်”ဟု စစ်တွေ ဒုက္ခသည်စခန်းမှ ဦးအောင်ဝင်းက ပြောသည်။

ဇူလိုင် ၂၄ ရက် နိုင်ငံပိုင်သတင်းစာများတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွ့ံဖြိုးတိုးတက်ရေး အစီအမံ (Action Plan) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို အစိုးရက ဖိတ်ခေါ်ထားသည်ဟု ဖော်ပြထားသည်။

ရခိုင်လူမှု အဖွဲ့အစည်းတို့ကမူ ဒုက္ခသည်များ ပြန်လည်နေရာချထားရာတွင် အထောက်အထား မခိုင်လုံသူများကို သီးခြားနေရာတစ်ခု၌သာ ထားရှိရန် သို့မဟုတ် ရခိုင်ပြည်နယ်မဟုတ်သော အခြားဒေသများသို့ ပို့ရန် ဆန္ဒရှိပြီး ထိုသို့မဟုတ်ပါက သမ္မတထံ သဘောထားပေးပို့မည်ဟု ဆိုသည်။

“အကြိုတိုင်ပင်တဲ့သဘောနဲ့ ဒုက္ခသည်တွေကို နေရာချထားရေးနဲ့ ပတ်သက်ပြီး သဘောထားတွေ မေးဖူးတယ်။ အစိုးရရဲ့ အစီအစဉ်ကိုတော့ ချပြမထားဘူး”ဟု စစ်တွေမြို့ အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအမံများတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ အကောင်အထည်ဖော်ရေး၊ တည်ငြိမ်ရေး၊ ဒုက္ခသည် နေရာချထားရေး၊ စီးပွားရေးနှင့် စက်မှုဇုန်များ၊ လမ်းတံတားများ တည်ဆောက်ရေးတို့ ပါ၀င်သည်။

ယနေ့အချိန်အထိ ရခိုင်နှင့် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ တစ်သိန်းရှစ်သောင်းခန့် ရှိနေကာ စစ်တွေ၊ ရသေ့ တောင်၊ မောင်တော၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူနှင့် ရမ်းဗြဲတို့တွင် တန်းလျားများ တည်ဆောက်၍ ဒုက္ခသည်အဖြစ် ခိုလှုံနေရသည်။