ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဥပဒေဘောင်ကို ကျော်လွန်လုပ်ကိုင်နေသောကြောင့် ဖျက်သိမ်းရန်နှင့် အသစ်ပြန်ဖွဲ့ရန်လိုသည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းလွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းလိုက်သည်။
လက်ရှိကော်မတီသည် လုပ်ပိုင်ခွင့်မရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ရေးဆွဲခြင်း၊ အဆိုပါနည်းဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ နိုင်ငံသားများ၏ အခွင့်အရေးကို ဆန့်ကျင်နေခြင်း၊ ဌာနအသီးသီးကလည်း ကော်မတီ၏ အမိန့်၊ ညွှန်ကြားချက်တို့ကို လိုက်နာအကောင်အထည်ဖော်နေရခြင်းတို့ကြောင့် ကော်မတီကို ဖျက်သိမ်းပစ်ရန် သြဂုတ် ၂၆ ရက်တွင် အဆိုတင်သွင်းလိုက်ခြင်းဖြစ်သည်။
“လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ခေတ်ဟောင်းက လူကြီးများ ခန့်အပ်ထားသော ကော်မတီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် စည်ပင်ဥပဒေအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အခုထိ မဖွဲ့စည်းရသေးပါဘူး။ ဖွဲ့စည်းထားတဲ့ ကော်မတီဆိုတာ မရှိသေးပါဘူး။ ကော်မတီအသစ်ဖွဲ့ဖို့ လိုပါတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာတွင် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ တွင် ရန်ကုန်မြို့ ခရိုင်လေးခုမှ ကိုယ်စားလှယ်လေးဦး အပါအဝင် ကော်မတီဝင် ကိုးဦးဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။
“မဖွဲ့ရသေးဘူးတဲ့ မရှိသေးတဲ့ ကော်မတီကနေ တာဝန်ပေးတယ် အမိန့်ပေးတာ တွေဖြစ်နေတယ်။ လက်ရှိကော်မတီကို ဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့ပြီးတော့ နည်းဥပဒေ ရေးဆွဲပြီး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အမတ် ဦးကျော်က ပြောသည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်ဥပဒေဘောင်ကို ကျော်လွန်၍ ၎င်းတို့ ကော်မတီမှ လုပ်ပိုင်ခွင့်မရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ၂၀၁၄ ခုနှစ် သြဂုတ် လ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။
“ထုတ်ခွင့်ပေးထားတာက ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ဖွဲ့စည်းတဲ့ ကော်မတီကိုပဲ ခွင့်ပြုတာပါ”ဟု ၎င်းက ပြောသည်။
၂၀၁၃ ခုနှစ် ဥပဒေအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရမည်ဖြစ်သည်။ အဆိုပါကော်မရှင်မှ ကော်မတီအသစ်ကို ဖွဲ့စည်းပေးရမည်ဖြစ်ပြီး၊ ထိုကော်မတီအသစ်မှ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်များကို ဖွဲ့စည်းပေးရမည်ဖြစ်သည်။ အဆိုကို သြဂုတ် ၂၉ ရက်တွင် ဆွေးနွေးမည်။