မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၁၄ ရှိ ညောင်နီကျေးရွာကို တပ်မြေပေါ် ကျူးကျော်ဝင်ရောက် နေထိုင် စိုက်ပျိုးသည်ဟုဆိုကာ အမှတ် ၉၅၈ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲက အဆိုပါကျေးရွာရှိ ရွာသား ၂၈ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နှင့် အမှုဖွင့်လိုက်ကြောင်း ညောင်နီကျေးရွာမှ ဦးကြည်မောင်က မဇ္ဈိမကိုပြောသည်။
ပြင်ဦးလွင်မြို့နယ် မြို့မရဲတပ်ဖွဲ့က ဒေသခံ၂၈ ဦးကို သြဂုတ်လ ၂၅ ရက်တွင် အမှန်တကယ်ပိုင်ဆိုင်ခွင့်ရှိမရှိ စစ်ဆေးလျှက်ရှိသည်ဟု ၎င်းကပြေသည်။
"သူတို့သိမ်းခဲ့လို့ စိုက်မြေလည်း မရှိတော့ဘူး။ အခုနေတဲ့ အိမ်တွေကိုလည်း ဖယ်ပေးရမယ်။ ကျူးကျော်ဆိုပြီးလည်း တရားစွဲခံနေရတယ်။ အနိုင်ကျင့်လွန်းတယ်"ဟု ဦးကြည်မောင်က ပြောသည်။
ယင်းကျေးရွာကို ၁၉၉၉ ခုနှစ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်က အကြောင်းပြချက်မပေး၊ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများမပေးဘဲ စိုက်ပျိုးမြေ ဧက ၁ဝဝ နှင့်အိမ်ခြေ ၅၅ လုံး ဖယ်ရှားခိုင်းပြီး သိမ်းယူခဲ့သည်ဟု ၎င်းက ဆိုသည်။
ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဖေက "ဗိုလ်မှူးတွေကို ဒီမြေကိစ္စနဲ့ပတ်သက်ပြီး မတရားတာ မလုပ်ဖို့ ပြောတယ်။ ဒါကိုဆက်လုပ်တယ်။ ဒီမြေက သူတို့ပိုင်မြေ မဟုတ်ဘူး။ တရားမစွဲဆိုဖို့တင်ပြပြောဆိုထားတယ်"ဟုမဇ္ဈိမ ကိုပြောသည်။
အိမ်ရှင်နှင့်ယာမြေရှင် ၂၈ ဦးကို အရေးယူထားမှုနှင့် ပတ်သက်၍ပြင်ဦးမြို့နယ် မြို့မရဲတပ်ဖွဲ့သို့ မဇ္ဈိမက မေးမြန်းရာ "ဘာအမိန့်မှမပါလို့ ဖြေမပေးနိုင်ဘူး။ ဖြေခွင့်လည်းမရှိဘူး။ အခုတိုင်ထားလို့ လာစစ်တာမှန်မမှန် စစ်တုန်းပဲ"ဟု ဒေသခံများကို စစ်ဆေးနေသူ ဒု-ရဲအုပ်တစ်ဦးက ပြန်လည်ဖြေကြားသည်။
အဆိုပါကျေးရွာသည် ရွှေပုဇွန်ကုန်း၊ ကန်တော်ကြီးအိမ်ယာစီမံကိန်းရှိ စီ-၁၇၊ စီ-၁၈၊ စီ-၁၉ မြေနေရာများတွင် ကျူးကျော်ဝင်ရောက် နေထိုင်သည်ဟုဆိုကာ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲက တရားစွဲဆိုခြင်းဖြစ် ကြောင်း ဇူလိုင် ၂၄ ရက်က အကြောင်းကြားစာတွင် ဖော်ပြထားသည်။
တရားစွဲဆိုခံနေရသူများသည် မြေယာနှင့်အိမ် အစားပြန်လည်ပေးမည်ဆိုပါကလည်း လက်မခံကြောင်းနှင့် မိမိမြေများတွင်သာ နေထိုင်ခွင့်ပြုလိုသည် ဟု ဒေသခံများကဆိုသည်။ အတင်းအကျပ် ဖယ်ရှားလာပါက ရင်ဆိုင်ဖြေရှင်းသွာမည်ဖြစ်ပြီးလိုအပ်ပါက ပြန်လည်တရားစွဲဆိုမှုများ လုပ်သွားမည်ဟု ဒေသခံများကဆိုသည်။
ညောင်နီကျေးရွာသည် အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး ကျူးကျော်နေထိုင်သည်ဟု ဆိုထားသော ယာမြေ ၂ဝ ဧကနှင့် အိမ်ခြေ ၃ဝ ကျော်အား ဖယ်ရှားခိုင်းနေခြင်းဖြစ်သည်။ အဆိုပါ အိမ်များကို စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားစာတွင် ရေးသားထားသည်။