ပအိုဝ်းတိုင်းရင်းသား အလွှာစုံပါ၀င်သည့် အမျိုးသားညီလာခံ တစ်ရပ်ကို ပထမဆုံးအကြိမ် ကျင်းပနိုင်ရန် အကြိုအစည်း အဝေးအဖြစ် ပအိုဝ်းတစ်မျိုးသား လုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲကိုနိုဝင်ဘာလ နောက်ဆုံးထား၍ ကျင်းပမည်ဟု မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက ပြောသည်။
သြဂုတ်လ ၂၂ရက်က ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းအနီး စင်င်္ကာပူကျောင်းတိုက်တွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားအစည်းအဝေး၌ ညီလာခံကျင်း ပရေး အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ နောက်ဆုံးထားကာ ကရင်ပြည်နယ် ဘားအံ မြို့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
“အဲ့ဒီနှီးနှောဖလှယ်ပွဲမှာ ညီလာခံကျင်းပနိုင်ဖို့ အရေးကိစ္စတွေ ဆွေးနွေးသွားမှာပါ။ ပအိုဝ်းပြည်နယ်တောင်း ဖို့အတွက်လည်း အဲ့ဒီ ညီလာခံကနေ ဆုံးဖြတ်သွား မှာပါ ”ဟု ၎င်းက ပြောသည်။
နိုင်ငံပြုပြင်ပြောင်းလဲမှုတွင် လိုက်လျောညီထွေဖြစ်မည့် ပအိုဝ်းအမျိုးသားလုပ်ငန်းစဉ် ချမှတ်နိုင်ရေးနှင့် ပအိုဝ်းအမျိုးသားလုံးဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေး၊ ရရှိလာသည့် အမျိုးသားလုပ်ငန်းစဉ်များ၊အခြေခံမှုများ အကောင်အထည်ဖော်ရန်၊ စာပေ နှင့် ယဉ်ကျေးမှုထိန်းသိမ်းရန် နှင့် ပအိုဝ်းတိုင်းရင်းသားများအကြား စည်းလုံး မှုရရှိရန် ရည်ရွယ်၍ ညီလာခံကျင်းပသွားမည်ဖြစ်သည်။
“နှီးနှော ဖလှယ်ပွဲမတိုင်ခင် ဒီအဆင့်အထိ ရောက်အောင် နယ်တိုင်းရွာတိုင်းဆင်း စာပေနဲ့ ယဉ်ကျေးမှုရော ပါတီတွေရောကွင်းဆင်းပြီးတော့ ကျေးရွာလူထုရဲ့ အသံကို နားထောင်ပြီး မှတ်သားလာပါတယ်”ဟု ဦးခွန်ရွှေသင်းက ပြောသည်။
သြဂုတ် ၂၂ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပအိုဝ်းအမျိုးသားညီလာခံအကြို နှီးနှောဖလှယ်ပွဲ ကျင်းပရန် အပြင် တိုင်းရင်းသားစာပေ သင်ကြားရာ ၌ ကျောင်းစာသင်ချိန်အတွင်း သင်ကြားခွင့် ရရှိရန် ပအိုဝ်းတိုင်းရင်း သား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အမျိုးသားရေး တာဝန်အဖြစ် ပြန်လည်ဖော်ထုတ် ကြရန် စသည့် အချက်များ ပါဝင်သည်။
ယင်းအစည်းအဝေးတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများ၊ ပဲခူးတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ကရင် ပြည်နယ် အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ဦးတို့ တက်ရောက်ခဲ့ကြသည်။