ဂျပန်ဦးနှောက်ရောင် ရောဂါတွေ့ရှိသူ ကချင်တွင် အယောက်၂ဝကျော်ပြီ

ဂျပန်ဦးနှောက်ရောင် ရောဂါတွေ့ရှိသူ ကချင်တွင် အယောက်၂ဝကျော်ပြီ
by -
မဇ္စျိမ

ကချင်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားနေသူ ဦးရေ ၁၃ ဦး၊ ရောဂါပိုး စစ်ဆေးနေသူ ၉ ဦး ရှိနေပြီး ၂ ဦးမှာ ရောဂါစစ်ဆေးမှု မပြုရသေးမီ ယခုရက်ပိုင်းအတွင်း သေဆုံးသွားခဲ့သည်ဟု ကချင်ပြည်နယ် ကျန်းမာရေးမှူး ဒေါက်တာဝင်းလွင်က မဇ္စျိမကို ပြောသည်။

ကျူးလက်(စ်)ခြင် (Culex tritaenior-hynuhus) ကိုက်ခြင်းကြောင့် ဖြစ်ပွားသည့် ဂျပန်ဦးနှောက်ရောင်ရောဂါမှာ ပြီးခဲ့သည့် ဇွန်လမှစတင်၍ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင် သုံးခု တို့တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသွားသူ နှစ်ဦးမှာ ရောဂါစစ်ဆေးမှု မရရှိဘဲ သေဆုံးသွားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အခုဖြစ်တာက မိုးမောက်တစ်ယောက်နဲ့ ရွှေဂူတစ်ယောက်ကနေ စလိုက်တာပေါ့။  သုံးခရိုင်ကနေစဖြစ်တာ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်၊ တနိုင်း၊ မိုးညှင်းခရိုင်မှာလည်း သုံးမြို့နယ်။ နှစ်ဦးက ဒီလထဲမှာပဲ ဆုံးသွားတယ်။ အဲနှစ်ယောက်က သွေးအဖြေမရသေးပါဘူး”ဟု ဒေါက်တာဝင်းလွင်က ပြောသည်။

ဂျပန်ဦးနှောက်ရောင် ရောဂါမှာ ကချင်ပြည်နယ်တွင် ဇွန်လ ၁၃ရက်က စတင်ဖြစ်ပွားသည်ကို သိရှိရပြီး လတ်တလောတွင် စုစုပေါင်း ၂၂ယောက် ဖြစ်ပွားနေကာ သွေးထဲပိုးတွေ့သူ ၁၃ဦးနှင့် သွေးစစ်ဆေးထားဆဲ ၉ ဦး ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ပိုးတွေ့ရှိသူများနှင့် သွေးစစ်ဆေးထားသူများမှာ အသက် ၄ နှစ်မှ ၂၉ နှစ်အရွယ်များ ဖြစ်ကြပြီး လက်ရှိ  မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက အဆိုပါ ရောဂါကာကွယ်၊ တိုက်ဖျက်ရေး ပညာပေးဟောပြောမှုများ လုပ်ဆောင်နေသည်ဟု ဒေါက်တာဝင်းလွင်က ပြောဆိုသည်။

“ဒါက ခြင်ကိုက်လို့ ဖြစ်တာ။ ခြင်မပေါက်ပွားအောင် ရေအိုင်တွေ ရေစီးရေလာ ကောင်းအောင်လုပ်ရမယ်။ ရေအိုင်တွေ ဖို့တာ၊ ဖြစ်ပွားတဲ့အိမ် ပတ်ဝန်းကျင်မှာ ခြင်ဆေးမှုန့်တာတွေ၊ ကျန်းမာရေးဟောပြောပွဲတွေ၊ ရောဂါရှာဖွေရေး လုပ်ငန်းတွေ လုပ်နေပါတယ်”ဟု သူက ဆက်ပြောသည်။

ဂျပန်ဦးနှောက်ရောင် ရောဂါအတွက် ကြိုတင်ကာကွယ်ဆေးကို အိန္ဒိယနှင့် ထိုင်းမှ မှာယူတင်သွင်းရသည်။

ရောဂါလက္ခဏာများသည် သာမန် အအေးမိ တုပ်ကွေးရောဂါများနှင့် ဆင်တူကြောင်း၊ နှာစေးခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်တတ်ကြောင်း ဆိုသည်။ ကလေးငယ်များ တစ်ဦးချင်းအပေါ် မူတည်ပြီး နှစ်ရက်သုံးရက်ကြာလျှင် အဖျားကြီးလာပြီး တက်လာခြင်း၊ ထို့နောက် ဦးနှောက်ရောင်သည့် လက္ခဏာများဖြစ်သည့် အကြောဆွဲခြင်း၊ သတိလစ်ခြင်းများဖြစ်လာတတ်သည်။

ထိုရောဂါသည် ခြင်ကိုက်သည့် မည်သည့်အချိန်မျိုးမဆို ဖြစ်တတ်ကြောင်း၊ အဆိုပါကျူးလက်(စ်)ခြင်များ ပေါက်ပွားတတ်သည့် မိုးရာသီ၊ ဆောင်းအကုန်၊ နွေအကူးတွင် ပိုပြီး သတိထားရမည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားသူ သြဂုတ်လ ၁၃ရက်အထိ ၄၁ဦးအထိ ရှိခဲ့ပြီး ရှစ်ဦး သေဆုံးခဲ့သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် အသက် ငါးနှစ်မှ ၁၃ နှစ်အရွယ်ကလေးများတွင် အဖြစ်များသည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ငြိမ်းအေးက ပြောသည်။

Most read this week