ပြည်သူလိုလားက ဖွဲ့စည်းပုံပြင်ရန် တရုတ်ထောက်ခံ

ပြည်သူလိုလားက ဖွဲ့စည်းပုံပြင်ရန် တရုတ်ထောက်ခံ
by -
မဇ္စျိမ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူများ ပြင်ဆင်ရန် ဆန္ဒရှိပါက တရုတ်နိုင်ငံက ထောက်ခံသွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က Mizzima Business Weekly နှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုလိုက်သည်။

“ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ထောက်ခံသွားမှာပါ”ဟု ယန်ဟူလန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပါတီအဖွဲ့အစည်းများကြား သဘောထားကွဲလွဲမှုရှိနေသော်လည်း တရုတ်နိုင်ငံက မြန်မာပြည်သူများ၏ ရွေးချယ်မှုကို အသိအမှတ်ပြု လေးစားသွားမည်ဟု သံအမတ်ကြီးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် လာမည့် လွှတ်တော်အစည်းအဝေးကာလအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းတော့မည်ဟု နာယက သူရဦးရွှေမန်းက ပြောဆိုထားပြီးဖြစ်သည်။

အမည်မဖော်လိုသူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဥပဒေကြမ်းတင်သွင်း လာပါက ပြည်ထောင်စုလွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးခြင်းများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု မျှော်မှန်းထားသော အထွေထွေရွေးကောက်ပွဲ မတိုင်မီ ခြောက်လခန့်အလို အပြီးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားထားပြီးဖြစ်သည်။

လူဦးရေ သန်းခြောက်ဆယ်ရှိသည်ဟု ခန့်မှန်းပြောဆိုထားကြသည့် မြန်မာနိုင်ငံအတွင်း ပြည်သူ ငါးသန်းနီးပါးက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနည်းလမ်းများ ဖော်ပြထားသည့် ပုဒ်မ ၄၃၆ ကိုပြင်ရန် ထောက်ခံထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်သည်။

၎င်းတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ရက်၊ အာဇာနည်နေ့ မတိုင်မီအထိ ၅၄ ရက်ကြာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ၊ ထောက်ခံလက်မှတ်များ နိုင်ငံအနှံ့ ကောက်ခံကြခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှု မလိုအပ်ဟု သုံးသပ်သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရန် ဖွဲ့စည်းပုံကို ပြင်ကိုပြင်မည်သာ ဖြစ်သည်ဟု ဗွီအိုအေကို ပြောထားသည်။