ကူးစက်မြန်သည့် အီဘိုလာဗိုင်းရပ်စ်ရောဂါ အဖြစ်များနေသည့် အာဖရိက အနောက်ပိုင်း ဒေသမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၅ဦးအနက် တစ်ဦးမှာ အီဘိုလာဟု သံသယရှိ၍ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံသို့ သြဂုတ် ၁၉ရက်က ပို့ဆောင်ထားရပြီး ထို ၅ဦး၏ သွေးကို အမျိုးသားဓာတ်ခွဲခန်းသို့ ပို့ထားပြီး လက်ရှိတွင် အီဘိုလာရောဂါ ဖြစ်နိုင်ချေ မရှိသလောက်နည်းပါသည်ဟု ဝေဘာဂီဆေးရုံ ဆေးရုံအုပ်ကြီးက ပြောသည်။
“ပြန်လာတဲ့ သူထဲက တစ်ယောက်က အီဘိုလာ ရောဂါလို ကိုယ်အပူချိန် မြင့်တက်တာရယ် ကိုယ်လက်နုံးချိတာတွေစတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်နေလို့ ဒီမှာ စစ်ဆေးရတာပါ။ ဒါပေမယ့် ဒီရောဂါက မဖြစ်နိုင်သေးပါဘူး။ သူတို့က ရောဂါဖြစ်တဲ့ နေရာကလာတဲ့ သူတွေမို့လို့ ထုံးစံအတိုင်း စစ်ဆေးရတဲ့သဘောပဲ။ အထူးသဖြင့် အဖျားအနည်းငယ်ပါလာတာမို့လို့ အခုလို သီးခြားခွဲပြီး စစ်ရတာပါ။ ရောက်ရောက်ချင်း ထက်စာရင် နည်းနည်း ပိုကောင်းလာတယ်။ အခုမနက်မှာတောင် ထမင်းတွေဘာတွေ ဆင်းစားနေပြီ။ အီဘိုလာနဲ့ ပတ်သက်ပြီး ကုသရေးအပိုင်းတွေတော့ ညွှန်ကြားချက်အတိုင်းလုပ်ပါတယ်။ ဒီမှာက ဆား(စ်) ရောဂါထဲက လက်ခံပြီး ကုသပေးထားတာရှိနေတော့ ဒီမှာလာပြီး လူနာကို ထားထားတာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ လူနာနှင့် အပေါင်းအပါ လေးဦးသည် မြောက်ဥက္ကလာ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ သြဂုတ် ၁၉ရက် ည ၁ဝ နာရီဝန်းကျင် တွင် ရောက်ရှိခဲ့ပြီး ရောက်ရောက်ချင်း သက်မှတ် ဓါတ်ခွဲခန်းသို့ ပို့ကာ ဆေးရုံတွင် စစ်ဆေး၍ရသော အရာများကို ဆေးရုံတွင် စစ်ဆေးခဲ့သည်။ ၎င်းတို့ ငါးဦး၏ သွေးနမူနာကိုမူ အမျိုးသားဓါတ်ခွခန်းသို့ ပို့လိုက်သည်။ လက်ရှိတွင်လည်း လူနာနှင့် အပေါင်းအပါလေးဦးကို သီးသန့် အဆောင်တွင် ထားရှိထားသည်ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးသည် အီဘိုလာကဲ့သို့ ရောဂါ လက္ခဏာမျိုး တွေ့ရှိခဲ့သောကြောင့် ၎င်း၏ ခရီးသွားရာဇဝင်အား စုံစမ်းခဲ့ရာ ၎င်းသည် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားနေသည့် အာဖရိက အနောက်ပိုင်းဒေသ၊ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကြောင်း စုံစမ်းသိရှိရသဖြင့် သံသယ လူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့သည်။ ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက် ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂ဝရက် နံနက်က ထုတ်ပြန်ထားသည်။