ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးကို အသရေဖျက်မှုဖြင့် NLD တရားစွဲ

ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးကို အသရေဖျက်မှုဖြင့် NLD တရားစွဲ
by -
မဇ္စျိမ

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို ဆန့်ကျင်သည့် စာဖြန့်ဝေခဲ့သော မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ဘက်ရွာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူးအား အသရေဖျက်မှုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုခြင်းကို မြို့နယ်တရားရုံးက လက်ခံလိုက်ပြီဟု ပေါက်မြို့နယ်ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။

ပေါက်မြို့နယ်တရားရုံးက အသေရေဖျက်မှုဖြင့် သြဂုတ် ၁၈ ရက်က အမှုလက်ခံလိုက်ခြင်းဖြစ်ပြီး စက်တင်ဘာ ၁ ရက်တွင် ဆင့်ခေါ်ထားသည်ဟု ၎င်းက ပြောသည်။

“သူကိုယ်တိုင် ဝေတာ။ အထောက်အထားတွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးမှူးဖြစ်သူ ဦးမြင့်ငြိမ်းကို မြောက်ဘက်ရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးထွန်းသိန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

“ရဲစခန်းက အမှုကို လက်ခံပြီးတော့မှ ရဲအရေးမပိုင်ဘူးဆိုပြီး တရားရုံးကို လွှဲတင်တာ။ တရားရုံးက လက်ခံ တယ်”ဟု မြို့နယ်ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။

တရားစွဲခံထားရသည့် ဦးမြင့်ငြိမ်းကမူ အဆိုပါစာရွက်ကို ဖြန့်ဝေခဲ့ခြင်း မရှိဟု ငြင်းဆိုပြီး တရားရုံးကလည်း ဆင့်ခေါ်ခြင်းမရှိသေးဟု သြဂုတ် ၁၉ ရက်က ပြောသည်။

အဆိုပါစာရွက်ထုပ်ကို သြဂုတ်လ ၁၀ ရက်က ရွာနှင့် လေးဖာလုံခန့်ဝေးသော ပေါက်မြို့သို့ စျေးဝယ်သွားရာမှ အပြန်၊ ပေါက်မြို့အပြင်ဘက် မြို့ပတ်လမ်းပေါ်တွင် တွေ့ရှိခဲ့သည်ဟု ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ဦးမြင့်ငြိမ်းက ဆိုသည်။

“ဆရာမတွေ၊ ကျောင်းသားတွေ ကျခဲ့တာလားဆိုပြီး စာရွက်ထုပ်ကို ကောက်ကြည့်တာပေါ့။ ကျွန်တော် ဖတ်ကြည့်လိုက်တော့ ဘာသာရေးတွေရောပါတယ်။ ဘုန်းကြီးကျောင်းတွေရောပါတယ်။ အဲ့ဒါနဲ့ ဘုန်းကြီးဆီ သွားပေးတာ”၎င်းက ပြောသည်။

ဦးမြင့်ငြိမ်း၏ ပြောဆိုချက်အရ နှစ်မျက်နှာပါသည့် စာရွက် ၁၂ ရွက်ခန့်ရှိပြီး “ဒါဖတ်ပြီးမှ ၄၃၆ လက်မှတ်ထိုးပါ”ဟု ရေးသားထားကာ နောင်အနာဂတ်တွင် ဘုန်းတော်ကြီးကျောင်းများ မြို့အပြင်၊ ရွာအပြင်ဘက်သို့ ရောက်သွားနိုင်သည်ဟူသည့် ကွန်ပျူတာစာစီထားသော စာသားများပါ၀င်သည်ဟု ဆိုသည်။

“ကျွန်တော် မဝေဘူး။ သိလည်း မသိဘူး။ ကျွန်တော်မသိဘူးခင်ဗျ။ ဘာမှန်းလည်း မသိဘူး။ ဥပဒေလည်း နားမလည်ဘူးရယ်ဗျ”ဟု ဦးမြင့်ငြိမ်းက ပြောသည်။

လွှတ်တော်နားနေချိန် ဂန့်ဂေါမြို့သို့ ရောက်ရှိနေသည့် မကွေးတိုင်းမှ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ “ဖြန့်တဲ့ကောင်က ဘာတွေ ရေးထားတဲ့ စာရွက်ကို ဘယ်လိုဖြန့်တာလဲ။ အဲ့ဒါကို မသိတဲ့အတွက် ကျွန်တော် မှတ်ချက်မပေးနိုင်ဘူး”ဟု ဆိုသည်။ သို့သော် NLD ၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် သမ္မတအရည်အချင်းကို ကန့်သတ်ထားသည့် ပုဒ်မ၅၉(စ) သို့သာ ဦးတည်သည်ဟု ဦးလှဆွေက သုံးသပ်သည်။

“၅၉(စ) ပြင်ချင်တာ။ အဓိကပဲ။ အဲ့ဒါ ၄၃၆ ကို အရောင်ပြလေး လွှတ်ထားတာပဲရှိတာ။ သူတို့ရဲ့ ရည်မှန်းချက်က ဒေါ်စု သမ္မတဖြစ်ရေးဆိုတော့ ၄၃၆ ကြီးကို ဖွင့်ပေးပါပေါ့။ ကိုယ်တိုင်သော်လည်းကောင်း၊ ဇနီး၊ မယား၊ ခင်ပွန်း၊ သား၊ သမီးက နိုင်ငံခြားသားဖြစ်ရင် သမ္မတမဖြစ်ရဆိုတဲ့အချက်ကို သူတို့က ပြင်စေချင်တာပေါ့။ ပထမသူတို့ရဲ့လှုပ်ရှားမှုက ဒါပဲစတာလေ။ နောက်မှ ဘုန်းကြီးတွေက ၀ိုင်းအော်တဲ့ အခါကျမှ ၄၃၆၊ ၄၃၆ ဆိုပြီးဖြစ်လာတာ”ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ)တွင် သမ္မတဖြစ်လိုသူသည် ကိုယ်တိုင်၊ မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီး၊ တရားဝင်သားသမီး၏ ဇနီး၊ ခင်ပွန်းတို့ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး နိုင်ငံသားနှင့် ယင်းတို့ ခံစားရသော အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် တိုင်းတစ်ပါးနိုင်ငံသားအဖြစ်ခံယူထားသည့် သားနှစ်ဦး၏ မိခင်ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လိုလျှင် ယင်းပုဒ်မကို ပြင်ဆင်ရန် လိုအပ်နေခြင်းဖြစ်သည်။ ယင်းသို့သော အခြေအနေကို ညွှန်းဆို၍ ဦးလှဆွေက NLD ၏ လှုပ်ရှားမှုသည် ၅၉(စ)သာ ဖြစ်သည်ဟု သုံးသပ်ပြောဆိုခြင်းဖြစ်သည်။