မြန်မာ့တည်ငြိမ်ရေး ဘိန်းဘုရင်များ ခြိမ်းခြောက်နေဟု ကုလအဖွဲ့ဆို

မြန်မာ့တည်ငြိမ်ရေး ဘိန်းဘုရင်များ ခြိမ်းခြောက်နေဟု ကုလအဖွဲ့ဆို
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင်းရှိ မူးယစ်မှောင်ခိုဂိုဏ်းများမှာ တိုင်းပြည်၏တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေ လျက်ရှိသည်ဟု ကုလသမဂ္ဂက သြဂုတ်လ ၁၈ ရက်တွင် သတိပေးပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

အာဖဂန်နိုင်ငံပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံးသော ဘိန်းစိုက်ပျိုး ထုတ်လုပ်သူ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်ကူးခြင်းကို တိုက်ဖျက်ရန် ကုလသမဂ္ဂမူးယစ်နှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) နှင့် “အရေးပါသော” သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

burn-a-pile-of-illegal-drugs

“မြန်မာနိုင်ငံတွင်းက ရာဇဝတ်မှုလုပ်ငန်းတွေက ဖွံ့ဖြိုးတိုးတက်တိုက်ရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေပါ တယ်။လူသားတွေအတွက် မလုံမခြံုဖြစ်မှုကို တိုးပွားစေသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ခြိမ်းခြောက်နေပါတယ်”ဟု UNODC ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Jeremy Douglas က ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ထည့်သွင်းရေးသားထားသည်။

၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်းအစိုးရ အာဏာရလာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ အားပေးထောက်ခံမှုကို ရခဲ့သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ရွှေတြိဂံဟု ထင်ရှားသော လာအိုနှင့်ထိုင်းနယ်စပ်အပြင် တရုတ်၊ အိန္ဒိယတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများသည် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားခြင်းများ၊ တောရိုင်း တိရစ္ဆာန်များနှင့် ကျွန်းသစ်များ မှောင်ခိုရောင်းချခြင်း၊ လူကုန်ကူးခြင်းတို့အတွက် မှောင်ခိုလမ်းများဖြစ်နေဆဲ ပင်ဖြစ်သည်။

“များပြားတဲ့ငွေတွေကို ငွေဖြူလုပ်ရပါတယ်။ ဒီငွေတွေဟာ တရားဝင်စီးပွားရေးကို ထိခိုက်စေသလို၊ ပြည်သူ့ဝန်ထမ်းတွေကိုလည်း အကျင့်ပျက်ခြစားစေပါတယ်။ တည်ငြိမ်ရေးကိုလည်း ထိခိုက်စေပါတယ်”ဟု UNODC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် UNODC တို့ သဘောတူညီချက်မှာ ၂၀၁၇ အထိ အသက်ဝင်မည်ဖြစ်ပြီး အုပ်စုဖွဲ့မှုခင်းများ၊ လာဘ်ပေးလာဘ်ယူမှု ဆန့်ကျင်ရေး၊ ရာဇဝတ်မှုဆိုင်ရာ တရားမျှတရေးနှင့် ဘိန်းစိုက်ပျိုးသူများအတွက် အခြားဖွံ့ဖြိုးရေး အထောက်အပံ့များ ထောက်ပံ့ပေးရေးတို့အပါအဝင် နယ်ပယ်အသီးသီးတွင်ပူး ပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။

မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၃ ခုနှစ်၌ ဆယ်စုနှစ်တစ်စုအတွင်း အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး ဘိန်းတန်ချိန်ပေါင်း ၈၇၀ ခန့် ထုတ်လုပ်နိုင်ခဲ့သည်ဟု UNODC ထုတ်ပြန်ထားသည်။

Most read this week