ကန့်ဘလူ တပ်သိမ်းမြေပေါ် ဝင်ထွန်သည့် လယ်သမား ၂ဝဝနီးပါး တရားရင်ဆိုင်နေရ

ကန့်ဘလူ တပ်သိမ်းမြေပေါ် ဝင်ထွန်သည့် လယ်သမား ၂ဝဝနီးပါး တရားရင်ဆိုင်နေရ
by -
မဇ္စျိမ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု၊ထောက်ရှာအိုင်ရွာတွင် စစ်တပ်မှသိမ်းဆည်း ထားသည့် လယ်မြေပေါ်၌ ဝင်ရောက် ထွန်ယက်သည့် မူလပိုင်ရှင် လယ်သမားများ ၁၇၃ဦးအား သီးနှံဖျက်ဆီးမှု ပုဒ်မ ၄၂၄ဖြင့် တရားစွဲဆိုခံထားရ၍ ကန့်ဘလူတရားရုံးတွင် သြဂုတ်လ ၄ရက်မှ စတင်တရားရင်ဆိုင် နေရသည်ဟု တရားစွဲခံထားရသည့် လယ်သမား ကိုသန်းထိုက်က မဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့ လယ်သမားတွေက တကယ်လည်းမဖျက်ဆီးခဲ့ပါဘူး။ တစ်ရာသီးစောင့်ဆိုလို့ စောင့်ခဲ့ပါတယ်။ အခုကျွန်တော်တို့ လယ်ဝင်ထွန်းလို့ တပ်ကသီးစားချထားတဲ့ သူတွေက ကျွန်တော်တို့ကို တရားစွဲတယ်"ဟု ယင်းကဆိုသည်။

ယင်းမြေပေါ်တွင် အမှတ်(၂) တပ်မတော်၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း (ရွှေဘို) တပ်အား သီးစားခပေးထားသည့် တောင်သူများဖြစ်သည့် ဦးအောင်ထွန်း၊ ဒေါ်လှပြည့်၊ ဦးကျော်တင့် အပါအဝင် ရ၉ဦးက ၂ဝ၁၄ခုနှစ် မတ်လက ဝင်ရောက် လယ်ထွန်ခဲ့သည့် မူလပိုင်ရှင် လယ်သမား ၂၃ဝကို တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း (ရွှေဘို)တပ်မှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မင်းဇော်က သိမ်းဆည်းထားသည့် လယ်မြေဧက တစ်သောင်းသုံးထောင်ကျော်ထဲမှ လယ်ဧက၂၄၁၁ဧကကို မူလပိုင်ရှင်များအနေဖြင့် ပြန်လည် စိုက်ပျိုးနိုင်ပြီး ကျန်ရှိသော မြေများကို စစ်တပ်မှ အခကြေးငွေယူကာ အငှားချမည်ဖြစ်ပြီး တစ်ရာသီ စောင့်ပေးရန် ၂ဝ၁၃ခုနှစ် ဇွန်လ ၁၂ရက်က ကန့်ဘလူ အမှတ်(၁) သကြားစက်ရုံး ရှင်းလင်းဆောင်တွင် မူလပိုင်ရှင် လယ်သမားများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း လယ်သမား ကိုဇော်ဝင်းမောင်က မဇ္စျိမကို ပြောသည်။

"ကျွန်တော်တို့ကို အဲဒီတုန်းက ညွှန်းကြားရေးမှု ဦးမင်းဇော်ကပြောတော့ လယ်သမားတွေက ဝင်ထွန်တယ်။ တပ်က ကျွန်တော်တို့ လယ်သမားတွေကို ကတိမတည်တာပဲ'' ဟုယင်းကပြောသည်။

ယင်း လယ်မြေပေါ်တွင် ဝင်ရောက် ထွန်ယက်စိုက်ပျိုးသည့် လယ်သမား ၂ဝဝကျော်အနက် ၅၇ဦးကို ပုဒ်မ ၄၂၇ (သူတစ်ပါး အကျိုးစီးပွား ပျက်ဆီးစေမှု)၊ ပုဒ်မ ၄၄၇ (ပိုင်နက်ကျုးလွန်မှု)တို့ဖြင့် ဇူလိုင်လ ၁၄ရက်က ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ် ၃လမှ ၆လအထိ အသီးသီး ချမှတ်ခဲ့သေးသည်။ ကျန်ရှိနေသည့် လယ်သမား ၁၇၃ယောက်ကိုမူ ပုဒ်မ ၄၂၄ (သီးနှံဖျက်ဆီးမှု) ဖြင့် သြဂုတ်လ ၄ရက်တွင် ကန့်ဘလူးတရားရုံး၌ စတင် အမှုရင်ဆိုနေရသည်ဟု လယ်သမားများက ဆိုသည်။

အမှတ်(၂) တပ်မတော်၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးကျောင်း (ရွှေဘို) တပ်က ယင်းမြေဧက တစ်သောင်း သုံးထောင်ကျော်ကို ၁၉၈၈ခုနှစ်က သိမ်းယူခဲ့ပြီး လျော်ကြေးတစ်စုံတရာ ပေးအပ်ခဲ့ခြင်း မရှိဟု ဒေသခံ လယ်သမားများက ဆိုသည်။

Most read this week