နိုင်ငံရေးဆွေးနွေးပါက ၈၈မျိုးဆက်ပါရန် တိုင်းရင်းသားခေါင်းဆောင်များ ဆုံးဖြတ်

နိုင်ငံရေးဆွေးနွေးပါက ၈၈မျိုးဆက်ပါရန် တိုင်းရင်းသားခေါင်းဆောင်များ ဆုံးဖြတ်
by -
မဇ္စျိမ

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရစ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ဆွေးနွေးရာတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များပါ၀င်ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရေးအဖွဲ့ NCCT ၀င်ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

နိုင်ငံရေးဆက်လက်ဆွေးနွေးပါက သုံးပွင့်ဆိုင်ဖြစ်သည့် အစိိုးရကိုယ်စားပြုကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးကို ကိုယ်စားပြုကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုများနှင့်နိုင်ငံရေးပါတီ များ ပါ၀င်ရန် လိုင်ဇာတွင် ကျင်းပသည့် NCCT  ထိပ်သီးအစည်းအဝေးနောက်ဆုံးနေ့ဖြစ်သည့် ဇူလိုင် ၂၉ က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ရှစ်လေးလုံးကာလက လှုပ်ရှားလာတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ တစ်နည်းအားဖြင့် ပြောရရင် ၈၈ ခေါင်းဆောင်တွေကိုလည်း ပါ၀င်စေသင့်တယ်ဆိုတဲဲ့ ဆုံးဖြတ်ချက်နဲ့ ဒီမိုကရေစီအင်အားစုများနဲ့နိုင်ငံရေးပါတီ တွေလည်း ပါရမယ်လို့ ဘောင်ချဲ့လိုက်ပါတယ်”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။

NCCT  ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ချက် ၁၀ ချက်ချမှတ်ခဲ့သေးသည်။ ၎င်းတို့မှာ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်သော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင် ရေးကို ဆက်လက်ကိုင်စွဲသွားရန်၊ “တော်လှန်ရေး” စကားလုံးကို အပစ်ရပ်မူကြမ်း၏ ခေါင်းစဉ်တွင် မထည့်ဘဲ အထဲစာသားတွင် ထည့်ရန်နှင့် နိုင်ငံရေးဆွေးပွဲကို “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ”ဟုအမည်ပေးရန် တို့ဖြစ်သည်။

အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်သည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အစိုးရနှင့် ဆွေးနွေးသည့်အခါ အခိုင်အမာ ရပ်တည်မည်ဖြစ်ပြီး မရရှိပါက အလျော့မခံနိုင်ဟု NCCT  ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“အဲ့ဒီပြဿနာကို အစိုးရဘက်က သဘောတူလက်ခံမယ်ဆိုရင် ဒီဖြေရှင်းမှုက အောင်မြင်ပါမယ်။ လက်မခံဘူးဆိုရင်တော့ ထိပ်သီးခေါင်းဆောင်တွေက တို့ကို ဆုံးဖြတ်ချက်ချမှတ်ပေးလိုက်တယ်။ အဲ့ဒီအပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့မှ ဆွေးနွေးသွားပါဆိုတာကတော့ အခိုင်မာဆုံးအဖြေပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ်မတိုင်မီ အစိုးရအပစ်ရပ်လက်မှတ်ရေးထိုးရန် ဖြစ်နိုင်ခြေရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) မှ NCCT  ဒု-အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ၎င်း၏အမြင်ကို ပြောသည်။

သို့သော် “ဒါကတော့ တွေ့တဲ့အချိန်မှာ ဟိုဘက်က တိုးတက်ပြောင်းလဲမှု ဘယ်လောက်ရှိမလဲ။ ကျွန်တော်တို့ဘက်က ဒီအချက်အလက်ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ပြန်ပြင်ရေးတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပေါ်မှာ ဘယ်လောက်ပြောင်းလဲမှုရှိသလဲ အပေါ်မှာ မူတည်ပါတယ်” ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၅မှ ၂၉ရက်ထိNCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပပြီးဖြစ်ကာ ဇူလိုင် ၃၀ နှင့် ၃၁ တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်သည်။