ကိုရီးယားနိုင်ငံ အိစန်ကော်ပိုရေးရှင်းက တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် အဆိုပြုလွှာ တင်တော့မည်

ကိုရီးယားနိုင်ငံ အိစန်ကော်ပိုရေးရှင်းက တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် အဆိုပြုလွှာ တင်တော့မည်
by -
မဇ္စျိမ

အမေရိကန်ဒေါ်လာ ၂၆၉ သန်းကုန်ကျမည့် တွံတေးတူးမြောင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ နောက်ဆုံး အဆိုပြုလွှာကို ကိုရီးယားနိုင်ငံ ISAN Corporation မှ ပညာရှင်များက သြဂုတ်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်သည်။

အဆိုပါ ISAN Corporationမှ ပညာရှင်များနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတို့ ပူးပေါင်းကာ တွံတေးတူးမြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာနေပြီး ဇူလိုင် ၂၃ ရက် က အဆိုပါပညာရှင်များနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် နောက်ဆုံးအဆိုပြုလွှာနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး (အင်ဂျင်နီယာချုပ်) ဦးသောင်းလွင်က ဆိုသည်။

နောက်ဆုံးအဆိုပြုလွှာတွင် တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံသည့်နေရာ ရေနက်အိုးကျောက် ထည့်ခြင်း၊ တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဆုံသည့်နေရာတွင် ရေဝင်အားကောင်းသည့်အတွက် ရေထိန်းကာတာ လေးခု ဖယ်ရှားခြင်း၊ ကမ်းထိန်းနံရံ ဆောက်လုပ်ခြင်းလုပ်မည်ဟု အကြံပြုထားသည်။

ရေယာဉ်များလာခြင်း၊ တူးမြောင်းထဲကို စီးဝင်သည့် ရေစီးနှုန်းများလာခြင်း၊ တွံတေးတူးမြောင်းနှင့် ခနောင်တို ချောင်းဆုံသည့် နေရာတွင် ၀ဲဖြစ်ပေါ်နေခြင်းတို့ကြောင့် ကမ်းပါးတိုက်စားသဖြင့် အမြန်ဆုံးပြုပြင်ရန်လိုသည်ဟု ဦးသောင်းလွင်က ပြောသည်။

“ပထမကြားဖြတ် အစီရင်ခံစာမှာတုန်းက ရန်ကုန်မြစ်ထဲကို ခနောင်တိုချောင်းက ရေဖောက်ထုတ်သင့်တယ် ဆိုပေမယ့် နောက်ဆုံးအဆိုပြုလွှာမှာတော့ လယ်မြေလျော်ကြေးကိစ္စတွေကြောင့် မပါတော့ဘူး”ဟု ၎င်းက ပြောသည်။

တွံတေးတူးမြောင်းမှ ရေများသည် ရေစီးနှုန်းများခြင်းကြောင့် ဒလဘက်ကမ်းစားခြင်းနှင့် ဆိပ်ကြီးခနောင်တို ဘက် ကမ်းတိုက်စားခြင်းတို့ကြောင့် နှစ်စဉ်ကမ်းပြိုသည့် အန္တရာယ်ကြံုတွေ့နေရပြီး ရေကျချိန် ရေစီးပိုများလာ ခြင်းကြောင့် တူးမြောင်းအတွင်း ဖြတ်သန်းသွားလာသည့် ရေယာဉ်များ အခက်အခဲရှိနေသည်ဟု ၎င်းက ဆိုသည်။

ယင်းစီမံကိန်းအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ကုန်ကျစရိတ်ကို မြန်မာအစိုးရမတတ်နိုင်ပါက ISAN Corporationမှ နိုင်ငံတကာမှ ဖွံ့ဖြိုးရေးရန်ပုံငွေ (ODA) ချေးငွေရယူရန် စီစဉ်ထားသည်ဟု ဦးသောင်းလွင်က ပြောသည်။