တိုက်ကြီးတွင် တပ်ရင်းနှစ်ရင်း သိမ်းထားသည့် လယ်မြေ ၄ဝဝ ပြန်ပေးရန် လွှတ်တော်တင်မည်

တိုက်ကြီးတွင် တပ်ရင်းနှစ်ရင်း သိမ်းထားသည့် လယ်မြေ ၄ဝဝ ပြန်ပေးရန် လွှတ်တော်တင်မည်
by -
မဇ္စျိမ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ တပ်ရင်းနှစ်ရင်းက သိမ်းဆည်းထားသည့် လယ်မြေများထဲမှ လယ်သမားများကို သီးစားပြန်လည်ချထားသည့် မြေဧက ၄ဝဝကို ပြန်လည်ပေးရန်နှင့် ယင်းသို့ ပြန်မပေးပါက ကာလပေါက်စျေး အတိုင်း ပေးလျော်ရန် လွှတ်တော်အပါအဝင် အုပ်ချုပ်ရေးပိုင်းကို စာတင်မည်ဟု လယ်သမားအရေး ကူညီဆောင်ရွက်သူ ကိုနန္ဒအောင်က ဇူလိုင် ၂၉ရက်က မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလွှတ်တော်၊ အုပ်ချုပ်ရေးပိုင်းကို စာတင်သွားမယ်။ အဲဒါမှထူးခြားမှုမရှိရင် တိုက်ကြီးမြို့နယ်လုံးကျွတ် တပ်မြေပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်သွားဖို့ စီစဉ်သွားမယ်"ဟု ကိုနန္ဒအောင်က ပြောသည်။

တိုက်ကြီးမြို့ရှိ တပ်ရင်း ရဝ၇၊ ရဝ၈မှ သိမ်းဆည်းထားသည့် လယ်မြေများ ပြန်လည်ရရှိရေးအတွက် ဇူလိုင် ၂၅ရက်က တိုက်ကြီးမြို့နယ်ရှိ သိမ်းဆည်းခံ လယ်သမားအယောက်၈ဝခန့်က ဆန္ဒပြတောင်းဆိုခဲ့သေးသည်။

တိုက်ကြီးမြို့ပေါ်ရှိ ခြေမြန်တပ်ရင်း ရဝ၇၊ ရဝ၈၊ မဆရ(၁၄)၊ ရ၁ဝ၊ ကပစ-၁၁၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ အမှတ်(၁) တိုင်း ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းများမှ ၁၉၉၃- ၉၄ခုနှစ် ခန့်မှ စတင်ကာ တိုက်ကြီးမြို့အတွင်းရှိ လယ်မြေများကို သိမ်းဆည်ထားသည်မှာ ဧကပေါင်း၁သောင်းနီးပါး ရှိသည်ဟု ဆိုသည်။ ယင်းအထဲမှ အမှတ်(၁) တိုင်း ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ သိမ်းဆည်းထားသည့် လယ် ၃၁၈ဧက ကိုသာ လယ်သမားများထံ ပြန်ပေးခဲ့သည်ဟု ဆိုသည်။

တိုက်ကြီးမြို့နယ်အတွင်းမှ ဂျိုးဖြူကံလမ်း တောင်ဘက်ရှိ လယ်ဧက ရဝဝခန့်ကိုမူ ခြေမြန်တပ်ရင်း ရဝ၇နှင့် ရဝ၈က သိမ်းဆည်းကာ လျော်ကြေး တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိဟု လယ်သမား မသန်းသန်းဝင်းက ပြောသည်။

ကျန်မြေများကို ထိုစဉ်က ရပ်ကွက်ရုံးမှ တစ်ဆင့် တစ်ဧကလျင် ကျပ် ၅ဝဝ၊ ၁ဝဝဝ စသဖြင့် ပေးလျော်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ဧက ရဝဝထဲမှ ၄ဝဝကို လယ်သမားများထံ တစ်နှစ် ၁၂ဝ,ဝဝဝနှုန်းဖြင့် ပြန်လည် အငှားချထားခြင်း ဖြစ်သည်။ ယင်းအပြင် အုတ်ဖုတ် လုပ်ငန်းလုပ်ကိုင်သူများကိုလည်း စစ်တပ်က ငှါးရမ်းထားသည်ဟု မသန်းသန်းဝင်းက ဆိုသည်။

"အခုဆို ပြင်ပက အုတ်ဖုတ်တဲ့သူတွေက ဒီလယ်ထဲကမြေတွေကို မြေကြီးတူးစက်တွေနဲ့ တူးပြီးထပ်ရောင်းတယ် အခုမြေတွေက ချိုင့်ဖြစ် သီးနှံတောင်စိုက်မရ"ဟု မသန်းသန်းဝင်းက ပြောသည်။

လက်ရှိ အငှားပြန်လည်ချထားသည့် လယ်မြေဧက ၄ဝဝထဲတွင် ဥပ္ပုံစုရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ လိမ္မော်ခြံ ကျေးရွာ၊ ညောင်လေးပင်ကျေးရွာတို့ ပါဝင်သည်။

ယင်းသိမ်းဆည်းခံ လယ်မြေများကို လယ်သမားများက မသိမ်းဆည်းမီအချိန်အထိ နှစ်စဉ် အခွန်ပြေစာပေး ဆောင်ကာ လုပ်ကိုင်ခဲ့ကြသည်ဟု ဆိုသည်။

Most read this week