မြောက်ဦး ယဉ်ကျေးမှုနယ်မြေအတွင်း ဖြတ်သန်းဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းကို ပြန်လည်ဖောက် လုပ်နိုင်ရန် ယဉ်ကျေးမှုနယ်မြေများ ထိခိုက်ခြင်းရှိမရှိ နိုင်ငံတကာရှေးဟောင်းသုတေသန ပညာရှင်များဖိတ်ခေါ် မည်ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးလှဟန်က မဇ္ဈိမကို ပြောသည်။
ဒေသခံများ၏ တောင်းဆိုချက်အရ မြောက်ဦးရထားလမ်းကို လတ်တလောတွင် ရပ်နားထားရပြီး ပြန်လည် ဖောက်လုပ်မည်ဆိုပါက ဒေသခံများ နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များကို ဖိတ်ခေါ်ရန်လည်း တောင်းဆိုထားခြင်းဖြစ်သည်။
“ဒေသခံတွေက ယုံကြည်ရလောက်တဲ့ ပညာရှင်တွေကို ခေါ်ယူစစ်ဆေးခိုင်းဖို့ ဒုတိယအကြိမ်တင်ပြထားပါတယ်” ဟု ဦးလှဟန်က ပြောသည်။
စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊အမ်း၊မင်းဘူးစသော ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့များကို ဖြတ်သန်း ဖောက်လုပ်မည် ဖြစ်ပြီး ကျောက်တော်-မြောက်ဦးလမ်းပိုင်းတွင် ယဉ်ကျေးမှုနယ် မြေဇုန်ကို ဖြတ်သန်းဖောက်လုပ်ရခြင်း ဖြစ်သည်။
“ရထားလမ်းဖောက်ရင် လမ်းပန်းဆက်သွယ်ရေးကောင်းလာမှာဆိုတာ သိတယ်။ ဒါပေမဲ့ မြောက်ဦးယဉ်ကျေး မှုက ကျွန်တော်တို့ရဲ့ အမွေအနှစ်လည်းဖြစ်နေတယ်၊ တစ်ခုခုဖြစ်သွားပြီးမှ ပြန်လုပ်လုပ်မရတော့ဘူး”ဟု မြောက်ဦးမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က မဇ္ဈိမကိုပြောသည်။
မြောက်ဦး၊ ဝေသာလီ၊ ဓညဝတီ စသော ရှေးဟောင်းမြို့သုံးမြို့ကို ဖြတ်သန်း ဖောက်လုပ်မည့် စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းသည် ရှေးဟောင်းသုတေသန ဇုန် ၁၊ ၂၊ ၃ တို့ကို ဖြတ်သန်းရမည်ဖြစ်ပြီး မြို့ရိုးတံတိုင်းနှင့် အခြားသော ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်နိုင်သည်ဟု ဒေသခံများက ဆိုသည်။
ရထားလမ်းဖောက်လုပ်ခြင်းကို ရပ်နားထားပြီး ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ၀န်ကြီး တို့က ဦးဆောင်ကာ ရှေးဟောင်းနယ်မြေတွင်း ဖြတ်သန်းခြင်းရှိ မရှိ စစ်ဆေးခဲ့သည်။ ထို့နောက် လမ်းကြောင်းအသစ်တစ်ခုကို ဇွန် ၂၆ ရက်က ဖော်ထုတ်ခဲ့သော်လည်း ရှေးဟောင်းနယ်နိမိတ်တွင် ပါ၀င်သည်ဟု ဒေသခံများက ထပ်မံပြောကြသည်။ လက်ရှိ ဖောက်လုပ်ထားသော ရထားလမ်းသည် မြောက်ဦးမြို့ဟောင်း တံတိုင်းကို ဖြတ်သန်းပြီးဖြစ်သည်။