ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းမှ မြန်မာလွတ်မြောက်ရေး ကော်မတီဖွဲ့ကြိုးပမ်းတော့မည်

ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းမှ မြန်မာလွတ်မြောက်ရေး ကော်မတီဖွဲ့ကြိုးပမ်းတော့မည်
by -
မဇ္စျိမ

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း(LDC-Least Developed Country) မှ လွတ်မြောက်နိုင်ရေး ဒုတိယသမ္မတတစ်ဦး ဦးဆောင်သည့် ကော်မတီတစ်ရပ် ရက်ပိုင်းအတွင်း ဖွဲ့စည်းဆောင်ရွက်ရန်ရှိသည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။

တောင်ကြီးမြို့၊ ဟုတ်ကြန့် ဘုံကျောင်းခန်းမတွင် ဇူလိုင်လ၂၄ရက်မှ စတင်ကျင်းပသည့် လူငယ်နှင့်ငြိမ်းချမ်းရေး အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် တက်ရောက်လာသူများကို အသိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

“၁၉၈၇ တုန်းက အစိုးရကိုယ်တိုင်အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ သွင်းဖို့ လျှောက်ထားခဲ့တယ်၊ ဘာကြောင့် လျှောက်ထားခဲ့သလဲဆို အဆင်းရဲဆုံးနိုင်ငံဖြစ်သွားရင် ကုန်သွယ်မှုအခွင့်အရေးပိုရနိုင်မယ်၊ ကင်းလွတ်ခွင့်တွေ ပိုရနိုင်မယ်ဆိုတဲ့ အခြေအနေကောင်း၊ အခွင့်အရေးကောင်းတွေရဖို့ လျှောက်ထားခဲ့တာဖြစ်တယ်”ဟု ဦးဇေယျာအောင်က ပြောသည်။

သို့သော် အမှန်တကယ်၌မူ ယင်းအခွင့်အရေးများတစ်ခုမျှမရခဲ့ဘဲ LDC စာရင်းလျှောက်ထားပြီး တစ်နှစ်အကြာ ၁၉၈၈ တွင် အရေးအခင်းဖြစ်ပေါ်ခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုဒဏ်များ ကြံုရ၍ အခွင့်အရေးများ ဆုံးရှုံးခဲ့သည်ဟု ၀န်ကြီးက ဆိုသည်။

ကမ္ဘာ့ဖွံ့ဖြိုးမှုနောက်ကျသည့် စာရင်းဝင် နိုင်ငံအဖြစ်စာရင်းဝင်ခြင်းကသာ အဖတ်တင်သည်ဟု ဦးဇေယျာအောင် က သုံးသပ်သည်။

“ဒီစာရင်းကနေ ပြန်ထွက်နိုင်ဖို့ အစိုးရက အထူးအာရုံစိုက်ပြီး ဒီရက်ပိုင်းအတွင်းမှာဘဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းကို လူတစ်ဦးချင်းစီ၏ အနိမ့်ဆုံးဝင်ငွေ၊ လူသားအရင်းအမြစ်ညွှန်းကိန်း၊ ပညာရေးညွှန်းကိန်း၊ ကလေးမွေးဖွားမှု နှုန်းထားနှင့် သေဆုံးနှုန်းညွှန်းကိန်းတို့ဖြင့် တွက်ချက်ခြင်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ်္ဂ၏ LDC စာရင်းတွင် အာဖရိကမှ (၃၄)နိုင်ငံ၊ အာရှ-ပစိဖိတ်မှ (၁၃)နိုင်ငံ၊ လက်တင် အမေရိကမှ (၁)နိုင်ငံ၊ စုစုပေါင်း (၄၈)နိုင်ငံရှိသည်။ ယင်းတွင် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်တို့ ပါ၀င်သည်။

Most read this week