NCCT သက်တမ်း ရှစ်လကျော်သော်လည်း ခိုင်မာမှု တစ်ခုမျှ မရသေးဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပြော

NCCT သက်တမ်း ရှစ်လကျော်သော်လည်း ခိုင်မာမှု တစ်ခုမျှ မရသေးဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပြော
by -
မဇ္စျိမ

အစိုးရနှင့် အပေးအယူ မမျှမှုကြောင့်ဟု NCCTခေါင်းဆောင် နိုင်ဟံသာ တုံ့ပြန်

အစိုးရနှင့် ညှိနှိုင်းရန် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းရေး အဖွဲ့(NCCT)၏ သက်တမ်း ရှစ်လကျော်လာပြီဖြစ်သော်လည်း “ဘာတစ်ခုမှ ခိုင်ခိုင်မာမာ မရသေး” ဟု တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့တွင် ဇူလိုင် ၂၆ ကကျင်းပသည့် NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် သဘာပတိ တာဝန်ယူထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောဆိုလိုက်သည်။

အစိုးရနှင့် ညှိယူရမည့် “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်း” ပါ ဝေါဟာရအသုံးပြုမှု၊ ပါဝင်သည့် အကြောင်းအရာနှင့် အယူအဆပိုင်းဆိုင်ရာများကိုလည်း အချိန်ကာလ မည်မျှကြာ ဆက်လက်ဆွေးနွေးမည်ကို တပ်အပ်မပြောနိုင်သေးသည့် အနေအထားဟု KNU ဥက္ကဋ္ဌက ပြောသည်။

“တိုးတက်ဖြစ်ထွန်းမှုမရှိဘဲ ဖြစ်စဉ်ကြာရှည် ရပ်တန့်နေခြင်းသည် အားလုံးအတွက် မကောင်းနိုင်ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ ပါတီအဖွဲ့အစည်းတွေ၊ ဖွဲ့စည်းပုံကို ပြင်လိုသူတွေက ကျွန်တော်တို့ ဖြစ်စဉ်ကို စောင့်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အစိုးရနှင့် အမြင်မတူမှုကြောင့် အပေးအယူမတည့်ဖြစ်နေရခြင်းဖြစ်သည်ဟု NCCT ခေါင်းဆောင်ဖြစ် သည့် မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

“ဆွေးနွေးတာက နေရာမှ မကျဘဲ ဘယ့်နှယ်လုပ်မလဲ။ ဒါကတော့ ကျွန်တော်တို့ အားနည်းလို့မဟုတ်ဘူးဗျ”ဟု ၎င်းက တုံ့ပြန်ခဲ့သည်။

NCCT နှင့် အစိုးရမှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းဖော် ဆောင်ရေး လုပ်ငန်းကော်မတီတို့ ၈ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(ဒုတိယမူကြမ်း) အား ရေးဆွဲခဲ့ပြီးဖြစ်သည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT)ကို လိုင်ဇာမြို့တွင် ကျင်းပသည့် ပထမအကြိမ် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေး၌ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ၂၀၁၃ခုနှစ် အောက်တိုဘာလကုန်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်က ဒီတိုင်းပြည်ကို နည်းမှန်၊ လမ်းမှန်စွာ ဦးဆောင်မှု မပေးနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ တိုင်းပြည် ဒီလိုဖြစ်ပါတယ်” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဦးဇောင်းဟရားက အဖွင့်မိန့်ခွန်းတွင် ပြောဆိုထားသည်။

လက်ရှိကျင်းပနေသည့် ထိပ်သီးအစည်းအဝေး နှစ်ရက်မြောက်အထိ ဒုတိယမူကြမ်း၏ အခန်း ၁ အခြေခံမူများ တွင်ပင် “တော်လှန်ရေး” ဟူသည့် စကားလုံးကို သုံးနှုန်းမည်၊ ပယ်ဖျက်မည်ကိုပင် ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။

အစိုးရဘက်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့” ဟု သုံးနှုန်းလိုပြီး တိုင်းရင်းသားများဘက်က “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့” ဟူ၍ သုံးနှုန်းလိုခြင်းဖြစ်သည်။

“ဦးအောင်မင်းက တော်လှန်ရေးဆိုတဲ့ စကားလုံးနဲ့ တန်းတူဖြစ်မယ့် စကားလုံးကို လေးငါးခြောက်ချက် ရှာပြီးတော့ ကျွန်တော်တို့ကို အကြံပေးဖူးတာ ရှိ တယ်။ သို့သော် တစ်ခုမှ ကျွန်တော်တို့နဲ့ မတည့်သေးဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက မဇ္ဈိမကို ပြောသည်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါ၀င်နေကြသည့် တိုင်းရင်းသားလူငယ်များ ကိုင်စွဲထားသည့် လက်နက်များအစား တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Laptop) များကိုသာ ကိုင်ဆောင်အသုံးပြုစေရန် ဆန္ဒရှိသည်ဟု သမ္မတဦးသိန်းစိန်က ထုတ်ဖော် ပြောဆိုထားသည်။

သို့သော် ဦးသိန်းစိန်၏ အစိုးရသက်တမ်း သုံးနှစ်ကျော်လာသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်မည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင်အထည်အဖော်နိုင်ခြင်းမရှိသေးပေ။