ကုလကိုယ်စားလှယ် မြန်မာမီဒီယာများနှင့် တွေ့မည်

ကုလကိုယ်စားလှယ် မြန်မာမီဒီယာများနှင့် တွေ့မည်

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကိုရီးယားလူမျိုး မစ္စလီရန့်ဟီးက ၎င်း၏ မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်တွင် မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံသွားရန်ရှိသည်ဟု ရန်ကုန် အခြေစိုက် ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးဗဟိုမှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက မဇ္ဈိမကို ဇူလိုင်လ ၁၈ ရက်တွင် ပြောသည်။

“မစ္စလီရန့်ဟီးက သတင်းသမားတွေနဲ့တွေ့ဖို့ရှိပါတယ်။ ဘယ်အချိန်ဆိုတာရယ်၊ မီဒီယာက ဘယ်လိုအဖွဲ့ အစည်းနဲ့လဲ၊ဘယ်သူနဲ့လဲကိုတော့ မသိရသေးဘူး။ တွေ့တာတော့ သူ့ဒီခရီးစဉ်အတွင်းမှာ တွေ့သွားမှာပါ” ဟု ဦးအေးဝင်းက ပြောသည်။

မစ္စလီရန့်ဟီးသည် ဇူလိုင်လ ၁၈ ရက်တွင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) တို့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။ ထို့နောက် အင်းစိန်ထောင်အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့သည်ဟု ဦးအေးဝင်းက ဆက်လက်ပြောသည်။

မစ္စလီရန့်ဟီးသည် ဗုဒ္ဒဘာသာခေါင်းဆောင်နှစ်ဦး၊ အစ္စလာမ်ခေါင်းဆောင် နှစ်ဦး၊ ခရစ်ယာန်ခေါင်းဆောင် တစ်ဦး၊ဟိန္ဒူခေါင်းဆောင်တစ်ဦးစီပါ၀င်သည့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ (ဗဟို)နှင့် နံနက် ၈ နာရီမှ ၉ နာရီအထိ ရန်ကုန် မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့သည်။

လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ ဇူလိုင်လ ၁၇ ရက်မှ ၂၆ ရက်အထိ ၁၀ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများ အထူးသဖြင့်ဘာသာရေးဆိုင်ရာ အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မကြာခင်က အဓိကရုဏ်းဖြစ်ပွားခဲ့သည့် မန္တလေးမြို့နှင့် စစ်ပြေးဒုက္ခများရှိ သည့် ကချင်ပြည်နယ်သို့ သွားရောက်ကာ သတင်းအချက်အလက်စုဆောင်းမည်ဟု သိရသည်။

ထို့နောက် မြန်မာနိုင်ငံအတွင်း လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြမည်ဖြစ်သည်။ မစ္စလီရန့်ဟီးသည် ယိုကိုတာ၊ လာလား၊ ပီညဲရိုးနှင့် ကွင်တာနားတို့ပြီးနောက် ၁၉၉၉ ခုနှစ် ကုလသမဂ္ဂဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံသို့လာရောက်သည့် ငါးယောက်မြောက် လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သည်။