မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များပါ၀င်နေသည်ကို ကရင်တိုင်းရင်းသား လက်နက်ကိုင် ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီကဖော် ထုတ်တွေ့ရှိပါက ဖမ်းဆီးရန် ဆုံးဖြတ်ထားသည်ဟု ကော်မတီဥက္ကဋ္ဌ၊ နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဇူလိုင်လ ၁၅ ရက်တွင် ပြောသည်။
ကော်မတီကိုကရင်တိုင်းရင်းသား လက်နက်ကိုင်များ ညီညွတ်ရေးကော်မတီ၏ အဖွဲ့ဝင်များဖြစ်သော ကရင် အမျိုးသားအစည်းအရုံး-KNU၊ နယ်ခြားစောင့်တပ်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ငြိမ်းချမ်းရေး ကောင်စီ၊ DKBA KNU/KNLA N (ဟောင်သရောအထူးဒေသ) အဖွဲ့တို့ မှ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဇူလိုင်လ ရ ရက်က မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုကျးရွာ၌ အရေးပေါ်အစည်းအဝေးပြုလုပ်၍ ဖွဲ့စည်းခြင်း ဖြစ်သည်။
အဆိုပါကော်မတီကို မဖွဲ့မီကမူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် လက်နက်ကိုင်များ ပါ၀င်ပတ်သက်နေသည်ကို သိရှိသော်လည်း လက်နက်ကိုင်အဖွဲ့အချင်းချင်း ပြဿနာဖြစ်ပွားမည်စိုးသဖြင့် မျက်နှာလွှဲနေရ၍ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိဟု ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
“ထိပ်တန်းခေါင်းဆောင်ထဲက ဖြစ်ဖြစ်၊ အောက်ခြေကဖြစ်ဖြစ် ဒီကိစ္စထဲ ပါပြီဆိုတာနဲ့ ကော်မတီဝင်အဖွဲ့ငါး ဖွဲ့စလုံးမှ တာဝန်ရှိသူတွေကသွားဖမ်းပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ဘက်ကိုလွှဲပေးမှာပါ”ဟု ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။
နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်ကလည်း အဖွဲ့ဝင် ငါးဖွဲ့မှ ကိုယ်စားလှယ်များ ပါ၀င်သော လက်နက်ကိုင်ဆောင်မည့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့ဝင်များကို ရွေးချယ်နေပြီ ဟု ပြော သည်။
တရားဥပဒေစိုးမိုးရေး အားနည်းနေသော နေရာများကိုအဓိကထား၍ ဖမ်းဆီးခြင်း၊ နယ်မြေခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များဖြင့်ပါ ဆက်သွယ်ခြင်း၊ ဗီဒီယိုမှတ်တမ်းတင်ခြင်းတို့ကိုပါ ပြုလုပ်ရန်လည်း ကော်မတီက စီစဉ်ထားသည်။