မန္တလေးဗလီများတွင် တာဝန်ရှိသူများသာ တရားဟောခွင့်ပြုမည်ဆိုသည်မှာ မဟုတ်ဟုဆို

မန္တလေးဗလီများတွင် တာဝန်ရှိသူများသာ တရားဟောခွင့်ပြုမည်ဆိုသည်မှာ မဟုတ်ဟုဆို
by -
မဇ္စျိမ

မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားပြီးနောက် ဗလီနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများသာ တရားဟောပြော ခွင့်ပြုရန် အကြံပြုချက်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု အိုလာမာအစ္စလာမ် သာသနာပြုရုံး(မန္တလေးတိုင်း) မှ အတွင်းရေးမှူးဦးသန့်က ဇူလိုင် ၉ ရက်တွင် မဇ္စျိမကိုပြောသည်။

“အစ္စလာမ်ဆိုင်ရာ သာသနာရေးအဖွဲ့အစည်း ခြောက်ခုက ကိုယ်စားလှယ်တွေ့ဆုံပွဲမှာ ကျန်တဲ့အဖွဲ့က တက်လာတဲ့ ပုဂ္ဂိုလ်တစ်ဦးက အကြံပြုတာပေါ့။ သူက ဘာအကြံပြုလည်းဆိုတော့ ဗလီထဲမှာ တစ်ယောက် တစ်ပေါက် ထအော်နေရင် မဖြစ်သင့်တာတွေဖြစ်လာမှာ ကြောက်တော့ ဗလီဆရာကလွဲရင် ဘယ်သူမှ တရားမဟောပေးရင် ကောင်းမယ်လို့ အကြံပြုတာဖြစ်တယ်။ ကျွန်တော်တို့ အကောင်အထည်မဖော်နိုင်ဘူး” ဟု အိုလမာ အစ္စလာမ် သာသနာပြုရုံး(မန္တလေးတိုင်း) အတွင်းရေးမှူးဦးသန့်ကပြောသည်။

လက်ရှိအချိန်တွင် ဗလီများအတွင်း လက်နက်များရှာဖွေမှုများ ပြုလုပ်နေခြင်းကြောင့် အစ္စလာမ်ဘာသာဝင်များ အတွက် လက်နက်ဥပဒေထွက်ရှိနေကြောင်း၊ အခြားသောဘာသာများအတွက် လက်နက် ဥပဒေ မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် လက်နက်ဥပဒေရှိ၊ မရှိတာဝန်ရှိသူများကို မေးမြန်းလိုကြောင်း အတွင်းရေးမှူးဦးသန့်က ဆက်လက်ပြောသည်။

ဂျွန်းဗလီဝင်းအတွင်းတွင် လက်နက်မျိုးစုံနှင့်အတူ လူငါးဦးကို ဖမ်းဆီးရမိခဲ့ရာတွင် ပတ်သက်သူငါးဦးကို အမှတ် ၈နယ် မြေရဲစခန်းက အမှုဖွင့်ထားခဲ့ပြီး ဇူလိုင်လ ၉ရက်တွင် သက်ဆိုင်ရာနယ်မြေရဲစခန်းက ရုံးထုတ်ကာစစ် ဆေးမှုများ ပြုလုပ်နေပြီဟုဆိုသည်။

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက်ညပိုင်းက စပြီး ဘာသာရေးပဋိပက္ခအသွင် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦးသေ ဆုံးခဲ့ကာ ဒဏ်ရာရသူများရှိခဲ့သည်။ ယင်းနောက် ဇူလိုင် ၃ရက်တွင် ညမထွက်ရ အမိန့်ကိုထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၈ ရက်အထိ ညမထွက်ရအမိန့်ဖောက်ဖျက်သူပေါင်း ၆ဝဝဦးကျော်ထိ ရှိသွားပြီဟု မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Most read this week