နည်းပညာတက္ကသိုလ်များ တက်္ကသိုလ်ဝင်တန်း အောင်မှတ် ၅၀၀ ခန့်ရမှသာ ၀င်ခွင့်ပြုမည်

နည်းပညာတက္ကသိုလ်များ တက်္ကသိုလ်ဝင်တန်း အောင်မှတ် ၅၀၀ ခန့်ရမှသာ ၀င်ခွင့်ပြုမည်
by -
မဇ္စျိမ

ရန်ကုန်နှင့်မန္တလေး အဆင့်မြင့်နည်း ပညာတက္ကသိုလ်များကို ၀င်ခွင့်လျှောက်လိုပါက တက္ကသိုလ်ဝင်တန်း အောင်မှတ် ၅၀၀ နီးပါးရှိမှသာ ၀င်ခွင့်ရရှိမည်ဟု ရန်ကုန်အဆင့်မြင့်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်က ဇူလိုင် ၈ ရက်တွင် ပြုလုပ်သော နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းဖွင့်ပွဲတွင် မီဒီယာများကို ပြောသည်။

အဆင့်မြင့် နည်းပညာတက္ကသိုလ်များ၏ ၀င်ခွင့်အမှတ်မှာ ပြီးခဲ့သည့် နှစ်များက ၄၈၀ နီးပါး ရှိခဲ့ရာမှ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအတွက်မူ အမှတ် ၅၀၀ နီးပါးရှိမှသာ ၀င်ခွင့်ရမည်ဟု ပါမောက္ခချုပ်က ဆိုလိုခြင်းဖြစ်သည်။

ဒေါက်တာအေးမြင့်က “ဘာသာရပ်တွေပေါ် မူတည်ပြီး ဦးစားပေးအလိုက် ၀င်ခွင့်တွေ ပေးသွားမယ်”ဟုဆို သည်။

ပညာသင်နှစ်များ တိုးမြှင့်သတ်မှတ်ပြီးနောက် အမှတ်စာရင်းဝင်ခွင့်များပါ ပူးတွဲတိုးမြင့်ရခြင်းဖြစ်သည်ဟုလည်း ဒေါက်တာအေးမြင့််က ဆိုသည်။

“အခုပညာသင်နှစ်က စပြီး B.Tech အဆင့်နဲ့ ဘွဲ့ပေးတာ မရှိတော့ဘူး။ ဘာသာရပ်အပေါ်မူတည်ပြီး လက်ခံပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လာမည့်နှစ်တွင် ရန်ကုန်နှင့် မန္တလေးအဆင့်မြင့်နည်းပညာတက္ကသိုလ်များ၌ ကျောင်းသားဦးရေ ၃၀၀ ကျော် လက်ခံသင်ကြားပေးမည်ဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ် ၁၂ ခု သင်ကြားပေးမည်ဖြစ်သည်။ ဘာသာရပ် တစ်ခုလျှင် ကျောင်းသား ဦးရေ ၄၀ နီးပါး လက်ခံပေးမည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ အောက်တို ဘာလအတွင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ Japan Inter-national Cooperation Agency (JICA)  တို့သည် နည်းပညာပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့သေးသည်။

အဆိုပါစာချုပ်အရ အဆင့်မြင့်နည်းပညာတက္ကသိုလ်များသည် ဂျပန်နိုင်ငံရှိ Tokyo တက္ကသိုလ်အပါအဝင် နည်းပညာဆိုင်ရာ တက္ကသိုလ်ခြောက်ခု၌ သင်ကြားရေးဆိုင်ရာများ ပူးတွဲလုပ်ဆောင်မည် ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ရာတွင် အဆိုပါတက္ကသိုလ်များကို ပညာသင်စေလွှတ်မည်ဖြစ်ရာ ဒေါက်တာဘွဲ့ရ ဆရာ၊ ဆရာမပေါင်း ၁၅ဦးကို လာမည့် ၂၀၁၅ ပညာသင်နှစ်တွင် အင်ဂျင်နီယာဘာသာရပ်များ သင်ကြားနိုင်ရန် ပညာသင်စေလွှတ်မှု အစီအစဉ်များလည်း ရှိသည်။

ယင်းအပြင် ၂၀၁၃ ခုနှစ်အတွင်းက ရန်ကုန်အဆင့်မြင့် နည်းပညာတက္ကသိုလ်သည် ဂျပန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ သြစတြေးလျ၊ တောင်ကိုရီးယားစသည့် နိုင်ငံများက တက္ကသိုလ်အချို့နှင့် နည်းပညာ အဆင့်မြှင့် တင်ရေးအတွက် နားလည်မှုစာချွန်လွှာများ ရေးထိုးခဲ့သည်။