တိုင်းရင်းသား ဒုက္ခသည်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖော်ထုတ်ထားသည့် အစီရင်ခံစာထွက်ရှိ

တိုင်းရင်းသား ဒုက္ခသည်များ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖော်ထုတ်ထားသည့် အစီရင်ခံစာထွက်ရှိ
by -
မဇ္စျိမ

ချင်းမိုင်၊ မဇ္စျိမ။         ။တိုင်းရင်းသားဒေသအချို့က နေရပ်စွန့်ခွာရသည့် ဒုက္ခသည်များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မေးမြန်းဖော်ထုတ်ထားသည့်  “တရားမျှတမှုကို ခြေရာကောက်ခြင်း (မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း)” အမည်ရှိ အစီရင်ခံစာ တစ်စောင်ကို မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ဇူလိုင်လ ရ ရက်က ထုတ်ပြန်လိုက်သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နစ်နာသူ ကာယကံရှင်တွေရဲ့ သဘောထား ဆန္ဒကို ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ နားထောင်ဖြစ်တယ်။ သူတို့အသံတွေကို စုပြီးတော့ သူတို့ ဘာဖြစ်ချင်တယ်။ တစ်ချို့ဆိုရင် IDP တွေဗျာ။ သူတို့ ရပ်ရွာတွေကို ပြန်ချင်လား၊ ဘာအခက်အခဲ ရှိလဲဆိုတာကို သူတို့က ပြောချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်တာပါ”ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက် စုဆောင်းရေးနှင့် သတင်းထုတ်ပြန်ရေး တာဝန်ခံ နိုင်အဲမွန်က မဇ္စျိမကို ပြောသည်။

purjustice

တိုင်းရင်းသား လူနည်းစုဒေသခံများကို ယခင်စစ်အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် မြေယာသိမ်းမှု၊ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊ အမျိုးသမီးများ အဓမ္မပြုကျင့်မှုနှင့် ရိုက်နှက်ညှဉ်းပန်းမှု၊ သတ်ဖြတ်မှုများ အနည်းဆုံး ၂ဝ ခန့် ထည့်သွင်းဖော်ပြထားသည်ဟု သိရသည်။

နှစ်ပေါင်း ၅ဝ ကျော်ကြာ အစိုးရခေတ် အဆက်ဆက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွင် မြေယာများသိမ်းယူမှု အများဆုံးဖြစ်ပြီး မွန်ပြည်နယ် ရေးနှင့် ရေဖြူမြို့နယ်များတွင် အစိုးရ စစ်တပ် အင်အားတိုးချဲ့လာကာ စစ်အခြေစိုက် စခန်းများနှင့် စစ်တန်းလျားများ တည်ဆောက်ရန်အတွက် မြေယာများ တရားလက်လွတ် သိမ်းယူခြင်း၊ ဥယျာဉ်ခြံမြေများကို သိမ်းယူခြင်း ဒေသခံ ရွာသူရွာသားများထံမှ ငွေကြေးကောက်ခံခြင်းများ ချိုးဖောက်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးကြီးဆုံး အချက် ၃ ချက်မှာ ယုံကြည်မှု တည်ဆောက်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် တရားမျှတမှုဆိုင်ရာ အသွင်ကူးပြောင်းရေးတို့ကို အစိုးရက စတင်ရမည်ဟု အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

ထိုအစီအရင်ခံစာ ဖြစ်ပေါ်ရေး သတင်းအချက်အလက်များ ကောက်ခံရာတွင် ကာယကံရှင်၏ စိုးရိမ်မှုများ ရှိနေသလို၊ အချို့နေရာများတွင် သက်ဆိုင်ရာ အာဏာပိုင်၊ ကျေးရွာလူကြီးများ၏ ကန့်သတ်ချက်များ၊ ရွာသားများနှင့် မတွေ့နိုင်ရန် အနှောက်အယှက်များ ကြံုတွေ့ခဲ့ရသည်ဟု နိုင်အဲမွန်က ပြောသည်။

“အတိတ်ကာလနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ဒီလိုအပြောင်းအလဲမှာ မပြောချင်ကြဘူး၊ တစ်ချို့ကာယကံရှင်ဘက်ကို ကြည့်မယ်ဆိုရင်လည်း သူတို့အတွက် ဖြစ်ချင်တယ်။ အကြောက်တရားတွေက လွမ်းမိုးမှုတွေ ကြီးထွားနေတယ်။ တကယ်တန်းပြောရမယ်ဆိုရင် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ အချိန်ပေးရတယ်”ဟု သူက ပြောသည်။

လက်ရှိ အစိုးရနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်ခြင်းများကို အရေးယူမှုမရှိဘဲ အပြစ်မှ ကင်းလွတ်ခွင့်ပေးထားဆဲဖြစ်၍ “သူတို့ကို ကျူးလွန်ထားတဲ့ ပုဂ္ဂိုလ်တွေကို တစ်စုံတရာ အရေးယူပေးမှုတွေ မြင်စေချင်တယ်။ သို့သော် လက်ရှိ အခြေအနေက စစ်သားတွေကို အရေးယူပေးတာမျိုး မတွေ့ရဘူး။ အဲဒီလို အနေအထားတွေရှိတယ်။ အဲဒီလိုအသံတွေကို စုစည်းပြီး အစီရင်ခံစာကို ထုတ်တာ”ဟု နိုင်အဲမွန်က ပြောသည်။

မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံကို မွန်ကျောင်းသားလူငယ်များနှင့် လူထုခေါင်းဆောင်များက ၁၉၉၅ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံတွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတောင်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် အဖွဲ့ဖြစ်သည်။