ဇူလိုင် ရ ရက်တွင် ကျရောက်သည့် ၅၂ နှစ်မြောက် ကျောင်းသားသမဂ္ဂဖြိုခွင်းခံရသည့် အထိမ်းအမှတ်ကို ရန်ကုန်၊ မန္တလေးရှိ ကျောင်းသားကျောင်းသူများ ပူးပေါင်းကာ ရန်ကုန်တက္ကသိုလ်ဝင်းရှိ သမဂ္ဂအဆောက် အအုံရှိခဲ့သည့် နေရာတွင် ကျင်းပခဲ့သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းအစိုးရက တစ် စမကျန်ဖြိုခွင်းခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ကျောင်းသားများက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အဆောက်အအုံ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ဖူးပြီးယခုတစ်ကြိမ်သည် နှစ်ပေါင်း ၅၀ အတွင်း ပြန်ကျင်းပခွင့်ရခြင်းဖြစ် သည်။
ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗဟို)မှ ကိုကျော်ကိုကိုက“အခုအခမ်း အနားလုပ်တာက ဇွတ်လုပ်တာ ပြောင်လုပ်တာပါ။ အခုအချိန်မှာ ကျွန်တော်တို့ကိုဘာလုပ်မလဲ မသိနိုင်သေးဘူး။ ဖမ်းချင်ဖမ်းမယ်။ တားချင် တားမယ်။ ခွင့်ပြုချက်နဲ့ လုပ်တာမဟုတ်ဘူး”ဟု ဆိုသည်။
ကျောင်းသားကျောင်းသူအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများသည် ရန်ကုန်မြို့ စိုက်ပျိုးရေးမှတ်တိုင် တွင် နံနက် ၁၀ နာရီအချိန်မှ စတင်စုဝေးခဲ့ကြပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံရှိခဲ့သည့် ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ စုစုပေါင်း လူဦးရေ ၁၀၀ ခန့် လမ်းလျှောက်ခဲ့ကြသည်။
လမ်းလျှောက်ရာတွင် ကျောင်းသားသမဂ်္ဂဖြိုခွင်းခဲ့သူများကို ဖော်ထုတ်အရေးယူပေးရေး၊ ဒီမိုကရေစီပညာရေး စနစ်ဖြစ်ထွန်းရေး၊ တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေး၊ ကျောင်းသား အခွင့်အရေး အပြည့်အဝရရှိရေး အစရှိသော တောင်းဆိုချက်များဖြင့် ကြွေးကြော်ခဲ့ကြသည်။
ဖြိုချဖျက်ဆီးခံခဲ့ရသည့် တကသအဆောက်အအုံအရှေ့တွင် ကျောင်းသား၊ကျောင်းသူများနှင့် အဖွဲ့အစည်းအသီးသီးမှ ပန်းခွေချခြင်း၊ ရှစ်မိနစ်ခန့်ငြိမ်သက်ကာ အလေးပြုခြင်း၊ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ချက်များ ဖတ်ပြခြင်းများ ပြုလုပ်ခဲ့ပြီး ကမ္ဘာမကျေဘူးအမည်ရှိ တေးသီချင်းများကို သီဆိုခဲ့ကြသည်။
တက်ရောက်လာသည့် အဖွဲ့အစည်းများသည် ဇူလိုင် ရ ရက်တွင် ကျောင်းသား ၁၀၀ ကျော် သေဆုံးခဲ့ခြင်းကို မမေ့ကြရန်နှင့် အဖြစ်အပျက်များကို နမူနာယူကာ ဆင်ခြင်နိုင်ရန်၊ သမိုင်းကြောင်းကို သိရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
“နိုင်ငံရေးယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ဒီရက်စက်ယုတ်မာတဲ့ လုပ်ငန်းတွေ ရပ်တန့်ဖို့၊ နောင်လည်း မလုပ်ဖို့ လုပ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖြိုချခဲ့မှုတွေကို သင်ခန်းစာမယူခြင်းဟာ သူတို့ရဲ့အမှားပဲ။ ဘယ်သူဖြိုတာလဲ အခုအချိန်အထိ မသိဘူး။ သေတဲ့ကျောင်းသား ဘယ်လောက်ရှိလဲ မသိဘူး။ စိုက်ခဲ့တဲ့ ကျောက်တိုင်ဖြိုလိုက်ပြီ”ဟု ကျောင်းသားဟောင်း ဆရာချစ်(ကဝ)က ပြောသည်။
တကသအဆောက်အအုံ အထိမ်းအမှတ်ပွဲများကို ရန်ကုန်တွင် တောင်ဥက္ကလာ၊ သံလျင်နှင့် မန္တလေးနှင့် မကွေးမြို့တို့တွင်လည်း အသီးသီးကျင်းပခဲ့ကြသည်။ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ၁၉၆၂ ဇူလိုင် ရရက်တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံထဲတွင် သမဂ္ဂခေါင်းဆောင်များနှင့် ကျောင်းသားများရှိနေခဲ့ကာ ကျောင်းသားအရေအတွက် မည်မျှသေဆုံးခဲ့ကိုမူ အတည်မပြုနိုင်ခဲ့ချေ။