ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်၊ မိုင်းကျဉ်းကျေးရွာရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင် ဒု-ဥက္ကဋ္ဌ ဦစိုင်းစံထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့ရုံးသို့ ဇွန်လ ၁၁ ရက်က စာတင်ခဲ့သော်လည်း အကြောင်းပြန်မှုမရှိဘဲ ကျူးလွန်သူကိုလည်း ဖမ်းဆီးရမိခြင်း မရှိသေးဟု ဟိုပုန်းမြို့နယ်၊ အင်န်အယ်လ်ဒီအမှုဆောင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက မဇ္ဈိမကို ပြောသည်။
“ဒေသခံတွေ အသက်အန္တရာယ် လုံခြံုရေးအတွက် တရားခံကို အမြန်ဆုံးဖမ်းမိဖို့ လိုအပ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးကို သွားတွေ့ပြီး စုံစမ်းမေးမြန်းပါဦးမယ်”ဟု ၎င်းက ဆိုသည်။
ဦးစိုင်းစံထွန်းသည် ဇွန်လ ၄ ရက်၊ ည ၁၂ နာရီဝန်းကျင်တွင် လူနှစ်ဦးမှလာရောက် ခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၅ ရက်၊ နံနက် ပိုင်းတွင် အိမ်နှင့် သုံးမိုင်ခန့်အကွာ လယ်ကွင်းပြင်၌ ဦးခေါင်းနောက်စေ့တွင် သေနတ် ဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားသည်မှာ နှစ်ပတ်ကျော် ကြာနေပြီဖြစ်သော်လည်း ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဟိုပုန်းရဲစခန်းမှလည်း စိတ်ရှည်ရှည်ထားရန် နှင့် သဲလွန်စရနေပြီဟုသာ အကြောင်းပြန်ထား သည်ဟု ဦးတင်မောင်တိုးက ဆိုသည်။
ဟိုပုန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက “ကျူးလွန်သူကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက် နေပါတယ်၊ တိုးတက်မှုအချို့ ရှိနေပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ ပြောလို့ မရသေးပါဘူး”ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
အခင်းဖြစ်ပွားရာနေရာသည် RCSS ၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ ခလရ ၂၄၉ တပ်ဧရိယာနှင့် သုံးမိုင်ခန့် အကွာ၊ ပအိုဝ်းပြည်သူ့စစ် (KNO)) နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု မိုင်းကျဉ်းဒေသ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးစိုင်းနိုင်ဦးက ဆိုသည်။
အဆိုပါအမှုကို ဟိုပုန်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ဇွန်လ ၅ ရက်က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။