အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှု ကော်မတီ (UPWC)နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တို့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ ဆက်လက် အကောင်အထည်ဖော်ရေး အပါအဝင် အချက် ၄ ချက်ကို ဇွန်လ ၁၉ရက် နံနက်က ဆွေးနွေးခဲ့သည်ဟု RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက မဇ္စျိမကို ပြောသည်။
UPWC ၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် ချင်းဆဲန်မြို့နယ် မဲခေါင်မြစ်ကမ်းရှိ ဟိုတယ်တခုတွင် ဇွန်လ ၁၉ ရက် နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲ အထိ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“လွန်ခဲ့တဲ့လက ကျိုင်းတုံဆက်ဆံရေး ရုံးကို ဝင်ရှာတဲ့ကိစ္စ၊ ပါတီဝင်ကို ဖမ်းဆီးစွပ်စွဲတဲ့ကိစ္စတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် ၁၇(၁)နဲ့ ထပ်မံအရေးမယူဖို့ ပြောဆိုကြတယ်။ ကျွန်တော်တို့ တပ်မိသားစု အိုးအိမ်တွေ တည်ဆောက်ပေးဖို့အရေး၊ IDP (ရွှေ့ပြောင်း ဒုက္ခသည်များ)နေထိုင်ဖို့ အိုးအိမ်တွေ တည်ဆောက်ဖို့အရေးတွေ ကျွန်တော် ထပ်မံ ညှိနှိုင်းသွားဖို့ပဲ ဆုံးဖြတ်ချက်ရပါတယ်”ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အဆင့့် အပစ်အခတ် ရပ်စဲရေးသဘောတူညီထားသော အချက်များ ဆက်လက် အကောင်အထည်ဖော်ရန်၊ အောက်ခြေအဆင့် ဖြစ်ပွားခဲ့သော ပြဿနာများကို နှစ်ဖက် ညှိနှိုင်းဆွေးနွေးကာ ဖြေရှင်းသွားရေး၊ တစ်နိုင်ငံလုံး အပစ်အခခတ် ရပ်စဲရေး အမြန်ဆုံး လုပ်ဆောင်ရေး၊ ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် နိုင်ငံရေးဆွေးနွေးမှု ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
RCSS/SSA ၏ တပ်မိသားစုများနှင့် IDP ဒုက္ခသည်ပေါင်း ၃ဝဝဝ ကျော်နေထိုင်ရန်အတွက် နေအိမ်အဆောက် အုံများ တည်ဆောက်ပေးရေး အစိုးရနှင့် နှစ်ဖက်သဘောတူညီချက်တွင် ပါဝင်သော်လည်း ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်သေးဖြင့် ဆက်လက် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၅ရက်က RCSS/SSA ကျိုင်းတုံမြို့မှ ဆက်ဆံရေးရုံးကို ကြိုတင် အကြောင်းမကြားဘဲ အစိုးရဘက်မှ ဝင်ရောက်ရှာဖွေ စစ်ဆေးမှုနှင့် ၎င်းတို့အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဦးအိုက်ကျိမ်းအား ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီး ဦးအောင်မင်းက ရှင်းပြခဲ့သည်ဟု သူက ဆိုသည်။
“ဒီကိစ္စက အောက်ခြေရဲ့ နားလည်မှုလွဲတာပဲ ဖြစ်ပါတယ်လို့ ပြောတယ်။ သူတို့ပေါ်လဆီ မဟုတ်ပါဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ ကလည်း ဒီကိစ္စ မဖြစ်သင့်ဘူး။ နောက်နောင် ဒီလိုမဖြစ်အောင် အစိုးရဘက်က ကြိုးစားပေးဖို့ ပြောလိုက်ပါတယ်”ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
အစိုးရနှင့် RCSS/SSA တို့ တွေ့ဆုံဆွေးနွေးမှုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် နှစ်ဖက် ယုံကြည်မှု ပိုမို ရရှိလာသည်ဟု MPC မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။
“ငြိမ်းချမ်းရေးတည်ဆောက်တဲ့အချိန်မှာ အောက်ခြေမှာ ပြဿနာရှိခဲ့ရင်လည်း နှစ်ဖက် ယုံကြည်မှု တည်ဆောက်ပြီးတော့ ညှိနှိုင်းပြီး ဆွေးနွေးသွားဖို့ RCSS/SSA အနေနဲ့ နိုင်ငံရေးဆွေးနွေးမှုကို အမြန်သွားလိုပါတယ်။ ”ဟု ဦးလှမောင်ရွှေက မဇ္စျိမကို ပြောသည်။
ဇွန်လ ၁၈ရက် ညနေပိုင်းတွင်လည်း ဝန်ကြီးဦးအောင်မင်းနှင့် ဒုတိယ ဗိုလ်မှူးကြီး ယွက်ဆစ်တို့အလွတ် သဘော တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
နှစ်ဘက် ဆွေးနွေးပွဲတွင် RCSS/SSA ဘက်မှ ဥက္ကဋ္ဌ ယွပ်ဆစ်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဘောင်ခေး၊ အတိုင်ပင်ခံ ဦးခွန်ဆိုင်း၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှနှင့် ဗဟိုကော်မတီဝင်များ အပါအဝင် ၁၄ ဦး တက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်မောင်စိုး၊ မြန်မာငြိမ်းချမ်းရေး စင်တာ MPC မှ အကြီးတန်း အရာရှိများ အပါအဝင် ၁ဝ ဦးကျော် တက်ရောက်ဆွေးနွေးခဲ့သည်။
အလားတူ ဇွန်လ ၁၉ရက် ညနေ ၃နာရီခန့်က လည်း ဦးအောင်မင်းနှင့် အဖွဲ့က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့နှင့် ချင်းဆဲန်မြို့နယ်၌ပင် ခေတ္တ တွေ့ဆုံခဲ့သည်ဟု ဦးလှမောင်ရွှေက ပြောသည်။