တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်း ညှိနှိုင်းရေးအကြို တိုင်းရင်းသားများ၏ ထိပ်သီးအစည်းအဝေးကို ဇူလိုင်လုပ်ရန် ယာယီသတ်မှတ်

တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်း ညှိနှိုင်းရေးအကြို တိုင်းရင်းသားများ၏ ထိပ်သီးအစည်းအဝေးကို ဇူလိုင်လုပ်ရန် ယာယီသတ်မှတ်
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း ညှိနှိုင်းဆွေးနွေးမှုနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးကို လာမည့် ဇူလိုင်လအတွင်း ကျင်းပရန် ယာယီသတ်မှတ်ထား သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်ဆောင် နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

“ပြောလို့ မရသေးဘူး။ ရှေ့လလောက်မှာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါကလည်း ရည်ရွယ်ထားတာ။ အခုတော့ အခြေအနေတွေကိုလည်း ပြန်သုံးသပ်ရမယ်။ ပြင်ဆင်မှုတွေ၊ အခြေအနေရယ်၊ ဘယ်မှာလုပ်ရင် အဆင်ပြေမလဲဆိုတာ လေ့လာရဦးမယ်”ဟု နိုင်ဟံသာက ပြောသည်။

အဆိုပါ ထိပ်သီးအစည်းအဝေး ကျင်းပမည့် နေရာကိုလည်း မသတ်မှတ်ရသေးသလို၊ အစီရင်ခံစာတင်ပြရန် အတွက် ပြင်ဆင်မှုများ လိုအပ်နေသေးသည်ဟု ၎င်းက ပြောသည်။

“ထိပ်သီးအစည်းအဝေးကို တင်ပြဖို့ အစီရင်ခံစာနဲ့ အကြံပြုချက် စာတမ်းဆိုပြီး နှစ်ခုခွဲထားပါတယ်။ အန်ကယ်က ပြီးခဲ့တဲ့ တွေ့ဆုံပွဲတွေကို အစီရင်ခံရမယ်။ ပဒိုကွယ်ထူးဝင်းက ပိတ်ဆို့နေတဲ့ အချက်တွေကို ဘယ်လို ဖြတ်ကျော်ရင် ကောင်းမလဲ နည်းလမ်းရှာတဲ့ အခြေအနေတွေကို အကြံပြုတဲ့သဘောပါ”ဟု သူက ဆက်ပြောသည်။

အစောပိုင်းက ထိပ်သီးအစည်းအဝေးကို ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ကျင်းပမည်ဆိုပါက အစိုးရဘက်မှ ကူညီပေးမည်ဟု အကြံပြုထားသည်။ တိုင်းရင်းသား အဖွဲ့အစည်းများကမူ မိမိအဖွဲ့အစည်း တဖွဲ့ဖွဲ့၏ နေရာ၌ပင် လွတ်လွတ်လပ်လပ် ကျင်းပလိုခြင်း ဖြစ်သည်ဟု နိုင်ငံသာက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပသော NCCT၏ ဆွေးနွေးပွဲတွင် ယခင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UWPC နှင့် တွေ့ဆုံဆွေးနွေးမှု အစီရင်ခံစာ တင်ပြရန်အတွက် နိုင်ဟံသာ ဦးဆောင်သော အဖွဲ့နှင့် ပဒိုကွယ်ထူးဝင်း ဦးဆောင်သော အဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းဆိုင်ရာ အခြေအနေများကို တင်ပြသွားမည်ဟု နိုင်ဟံသာက ပြောသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တင်ပြသည့် ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟူသောအချက် များကို အစိုးရဘက်က လက်မခံသလို၊ အစိုးရဘက်မှ တင်ပြသော လုံခြံုရေးဆိုင်ရာပူးပေါင်းမှု ဟူသောအချက်များကိုလည်း ဆက်လက် ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ရန်ကုန်မြို့ ဆွေးနွေးပွဲမှ UWPC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ က လာမည့် ဇွန်လကုန်ပိုင်းတွင် ထပ်မံ တွေ့ဆုံရန် သဘောတူခဲ့ကြသော်လည်း ကျင်းပနိုင်ခြင်း မရှိသေးပေ။ ယင်းထိပ်သီးအစည်းအဝေး ကျင်းပပြီးနောက်ပိုင်းမှသာ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟု နိုင်ဟံသာက ဆိုသည်။

ဇွန်လ ၁၅ ရက်ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အစိုးရ၏ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေနှင့် အဖွဲ့ လာရောက်ပြီး NCCT နှင့် တွေ့ဆုံကာ နှစ်ဖက် တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင် မဖြစ်နို်င် လာရောက် မေးမြန်းခဲ့ရာ တိုင်းရင်းသားများဘက်မှ အဆင်သင့် မဖြစ်သေးကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

Most read this week