အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးရာထူးအဖြစ် သူရဦးရွှေမန်း တာဝန်ယူနေချိန် သိမ်းဆည်းခံ ထားရသည့် လယ်များပြန်ပေးရန် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာမှ လယ်သမား ၃ဝ ဦးခန့် ဇွန်လ ၆ ရက်က ပုသိမ်မြို့တွင် တောင်းဆိုဆန္ဒပြခဲ့သည်။
“ကျွန််တော်တို့လယ်တွေကို သူရဦးရွှေမန်းလက်ထက်က ဧရာရွှေဝါကလူတွေရယ်၊ ရယကကလူတွေရယ် လာပြီးတော့ အတင်းသိမ်းတယ်။ လယ်တွေကို တစ်ဧက ၂၇ဝဝဝနဲ့ အတင်းရောင်းခိုင်းတယ်။ မရောင်းရင်လည်း သူတို့က သိမ်းခဲ့တယ်။ ဧရာရွှေဝါကုမ္ပဏီလည်း ကျွန်တော်တို့ဆီမှာ ပျက်သွားပါပြီ။ ကျွန်တော်တို့လယ်ကတော့ ခုချိန်ထိပြန်မရသေးပါဘူး” ဟု လယ် ၆ဧက သိမ်းခံရသည့် ဒါးကရွာမှ ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။
ဧရာရွှေဝါကုမ္ပဏီသည် လွန်ခဲ့သော ၁၆နှစ်ခန့် (၁၉၉၈ ခုနှစ်) ကတည်းက ရေနက်ကွင်းနှင့် မြေလွတ်မြေရိုင်းများဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်အပါအဝင် ကန်ကြီးထောင့်၊ ရေကြည်၊ကျောင်းကုန်း၊ အိမ်မဲစသည့်မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,ဝဝဝ ကျော်ကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ မူလပိုင်ရှင်တို့ ပြန်မရသေးခြင်းဖြစ်သည်။
အဆိုပါ ကုမ္ပဏီ၏ အမည်ကို “ဧရာရွှေဝါ” ဟု ကိုယ်တိုင် နာမည်ပေးခဲ့သလို ထိုကုမ္ပဏီတွင် ၎င်း၏သားဖြစ်သူ ပါဝင်ပတ်သက်ခဲ့သည်ဟု လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက မတ်လအတွင်းက မီဒီယာများအား ပြောဆိုထားပြီးဖြစ်သည်။
“လယ်မြေများကို ငွေကြေးအနည်းအကျဉ်းလောက်ပေးပြီး သူတို့လုပ်နေတယ်။ ကျွန်မတို့လိုချင်တာ လယ်ပြန်လိုချင်တာပါ။ သူတို့တန်ဖိုးဖြတ်ပေးတဲ့ငွေကြေးကို လယ်သမားတွေ ပြန်ပေးလို့ရပါတယ်။ အသိမ်းခံရတုန်းကလည်း မတရား အသိမ်းခံခဲ့ရတာပါ။ တာဝန်ရှိသ ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးစေချင် တယ် ဟု လယ်သိမ်းခံတစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူက ဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် “သူရဦးရွှေမန်းလက်ထက် ဧရာရွှေဝါကုမ္ပဏီမှ အဓမ္မခြိမ်းခြောက်သိမ်းယူသွားသော လယ်များအား ပြန်လည်ပေးအပ်ရေး”၊ “တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ တရားမျှတစွာ အမြန်ဆုံးဆုံးဖြတ်ဖြေရှင်းပေးရေး”၊ “ငါတို့လယ်မြေများ ဆုံးရှုံးနစ်နာမှုများအပေါ် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ တရားမျှတစွာ ဆုံးဖြတ်ပေးပါရန်” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြသူများက ပုသိမ်မြို့တွင်း လှည့်လည်တောင်းဆိုသည်။
န.အ.ဖ အစိုးရလက်ထက်က ဒါးကတိုက်နယ်အတွင်းသို့ ဧရာရွှေဝါကုမ္ပဏီ ဝင်ရောက်လာပြီး ကုမ္ပဏီအနေဖြင့် ဆန်စက်၊ ငါးမွေးကန်အပါအဝင် “ရွှေမေတ္တာ” အမည်ရှိ ဇီဝဓာတ်မြေဩဇာစက်ရုံကိုပါ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သေးသည်။
ကုမ္ပဏီပိုင် “ရွှေမေတ္တာ” ဓာတ်မြေဩဇာများကိုလည်း မယူမနေရစနစ်ဖြင့် ဒေသခံလယ်သမားများထံ ရောင်းချခဲ့သည်။ သို့သော် အဆိုပါ ဓာတ်မြေဩဇာမှာ လယ်သမားတို့အတွက် အလုပ်မဖြစ်ခဲ့ပေ။
ကုမ္ပဏီအနေဖြင့် သိမ်းဆည်းလယ်ယာမြေများအား တိုင်းအစိုးရထံ ပြီးခဲ့သည့်နှစ်အတွင်းက ပြန်လည် လွှဲပြောင်းခဲ့ပြီးဖြစ်သော်လည်း ဒေသခံများ လက်ဝယ်သို့ ပြန်လည် မရရှိသေးခြင်းဖြစ်သည်။