ကာချုပ် လိုလားသည့် အပစ်ရပ်လက်မှတ်ထိုးရေး ဆွေးနွေးပွဲများပေါ်မူတည်ဟု အင်န်စီစီတီ ဆို

ကာချုပ် လိုလားသည့် အပစ်ရပ်လက်မှတ်ထိုးရေး ဆွေးနွေးပွဲများပေါ်မူတည်ဟု အင်န်စီစီတီ ဆို
by -
မဇ္စျိမ

ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဖဒိုမူတူးဆေးဖိုးနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောခဲ့သည့် လာမည့် သြဂုတ် ၁ ရက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးရေးကိစ္စ ဖြစ်မဖြစ်ဆိုသည်မှာ အစိုးရ၊ တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဆွေးနွေးပွဲများပေါ်တွင်သာမူတည်မည်ဟု အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဇွန် ၅ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။

“ဘယ်လမှာ လက်မှတ်ထိုးမယ်ဆိုတဲ့ ဟာကအဲဒီလို သတ်မှတ်လို့မရဘူး။ တကယ်ဆွေးနွေးတဲ့အခါကျရင် အပေးအယူ ဘယ်လောက်တည့်လဲ၊ ဆွေးနွေးမှုဘယ်လောက်လက်ခံနိုင်လဲ။ အဲဒီအပေါ်မှာပဲ မူတည်မယ်” ဟု နိုင်ငံသာကပြောသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအင်န်ယူ၏ဥက္ကဋ္ဌတို့ ဇွန် ၄ ရက်တွင် နေပြည်တော်၌ နှစ်နာရီခွဲခန့်ကြာတွေ့ဆုံ ဆွေးနွေးမှုအပြီး ကေအင်န်ယူကလည်း ယင်းကို သဘောတူခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ယင်းနေ့ညနေပိုင်း၌ မဇ္ဈိမ ကိုပြောသည်။

ဖဒိုမန်းငြိမ်းမောင်နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ နည်းပညာအကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေတို့ကမူ သုံးလအတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးရေး ကိစ္စ NCCT ကလည်း သဘောတူမည်ကို မျှော်လင့်ထားသည်ဟု ဆိုသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)အဖွဲ့ဝင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(SNLD)အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကမူ ကေအင်န်ယူအနေဖြင့် မည်သို့သောအကြောင်းပြချက်များ ကြောင့် လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သည်ကို NCCT ကို ရှင်းပြရန်လိုမည် ဟုဆိုသည်။

“အတိမ်းအစောင်းဖြစ်သွားရင် ကျန်တဲ့တိုင်းရင်းသားအဖွဲ့တွေကို အောက်စျေးနဲ့ အရောင်းအဝယ်လုပ်သလို ဖြစ်သွားနိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

NCCT တွင် မပါ၀င်သည့် ရှမ်းပြည်တပ်မတော်တောင်ပိုင်းခေါ် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှကမူ KNU ၏ ခြေလှမ်းကို ကြိုဆိုသည်ဟု သဘောထားပေးသည်။ ထို့ပြင် NCCT အဖွဲ့၌ ၎င်းတို့ မပါ၀င်သော်လည်း အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် NCCT တို့ ညှိနှိုင်းမှုမှ ရရှိလာသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်သည် RCSS/SSA ၏မူနှင့်ကိုက်ညီလျှင် ပါ၀င်လက်မှတ်ရေးထိုးရန်အသင့်ဟု ပြောသည်။

အစိုးရနှင့် NCCT တို့ ညှိနှိုင်းနေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းတွင် နှစ်ဖက် ၈၀ ရာခိုင်နှုန်းခန့် သဘောတူပြီးပြီဟု နှစ်ဖက်ခေါင်းဆောင်တို့က မေလကုန်တွင် ထုတ်ဖော်ပြောဆိုထားသည်။ ဦးလှမောင်ရွှေက NCCT ခေါင်းဆောင်များနှင့် ဇွန် ၁၀ ရက်ဝန်းကျင်တွင် ယင်းအရေးဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု ဇွန် ၅ ရက်တွင် ပြောသည်။

သြဂုတ်လ ၁ ရက်တွင် အပစ်ရပ်ရေးလက်မှတ်ထိုးရန် ကာကွယ်ရေးဦးစီးချုပ်နှင့် သဘောတူခဲ့သည့် ကေအင်န်ယူဥက္ကဋ္ဌနှင့် အဖွဲ့သည် ယင်းနေ့၌ပင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သေးသည်။ သမ္မတနှင့် တွေ့ဆုံရာ၌မူ ၂၀၁၄ ခုနှစ်မကုန်မီ အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့အကြား နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု နှစ်ဖက်ပါ၀င်သူတို့က မဇ္ဈိမကို ပြောသည်။

ကရင် အရပ်ဘက်အဖွဲ့အစည်း ခြောက်ခုတို့ကမူ အစိုးရနှင့် ကေအင်န်ယူ ခေါင်းဆောင်တို့၏ တွေ့ဆုံမှုများ ပွင့်လင်းမြင်သာမှုရှိရန် ဇွန် ၅ ရက်က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။ တွေ့ဆုံမှုကို ကြိုဆိုသော် လည်း ပွင့်လင်းမြင်သာမှု မရှိ၍ စိုးရိမ်သည်ဟု ဖော်ပြထားသည်။