ဇွန် ၂၄ တွင် ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲ ကျောက်မျက်အတွဲပေါင်း ရ,၅၀၀ ရောင်းချမည်

ဇွန် ၂၄ တွင် ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲ ကျောက်မျက်အတွဲပေါင်း ရ,၅၀၀ ရောင်းချမည်
by -
မဇ္စျိမ

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၅၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာ အတွဲပေါင်း ရ,၅၀၀ ပြသရောင်းချသွားမည်ဟု နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် အကြိမ် ၅၀ မြောက် ရွှေရတု ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၀,၀၀၀ ကျော်ရောင်းချမှုထက် ယခုကျောက်မျက်ရတနာ ပြပွဲတွင် လျှော့ချပြသသွားမည်ဖြစ်ပြီး ကျောက်မျက်ရတနာ အချောထည်များကို ဦးစားပေးပြသသွားမည်ဟု၎င်းက ဆိုသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်း ၀ယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “ ဒီမှာအချောထည်က သိပ် မဖွံ့ဖြိုးသေးတော့ အရိုင်းထည်တင်တဲ့သူကတော့များတယ်။ ဒါပေမဲ့ ကျောက်စိမ်းအချောထည်တွေကို ဦးစား ပေးပြီး ခင်းကျင်းသွားမယ်။ အချောထည်တွေ ဖွ့ံဖြိုးလာအောင် လည်းဆောင်ရွက်တဲ့သဘောပါ ” ဟု မဇ္ဈိမ ကို ပြောသည်။

ကျောက်မျက်ရတနာပြပွဲတွင် ကျောက် စိမ်းအချောထည်ထုတ်လုပ်မှုကို အားပေးမှုအဖြစ် ကျောက်စိမ်း အချောထည်ပြသရောင်းချမှုကို ကန့်သတ်မထားဘဲ ကျောက်မျက်ရတနာကုမ္ပဏီနှင့် လုပ်ငန်းရှင်များဘက် မှ ၀င်ရောက်ပြသလိုသည့် အချော ထည်များကိုလက်ခံပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ် ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေး မှူး ဦးထွန်းလှအောင်က “ ကျောက်မျက် ပြပွဲမှာ ကျောက်စိမ်းအရိုင်းတုံးတွေကို ရောင်းချတာကိုလျှော့ပြီး အချောထည် ထုတ်ဖို့ရောင်းဖို့ ကြိုးစားနေတယ်။ ဒီနှစ်မှာ အချောထည်ကို မနှစ်ကထက်တော့ တိုးပြီးပြဖို့ရှိတယ်။ နေပြည်တော် ရွှေကြာ ပင် ရတနာစျေးကနေထုတ်တဲ့ ကျောက်စိမ်း အချောထည်တွေ ပါ၀င်ပြဖို့ရှိတယ် ” ဟု ပြောသည်။

ကျောက်စိမ်းအရိုင်းတုံးများကို ကြမ်း ခင်းစျေး ယူရို ၄,၀၀၀ မှ ယူရို နှစ်သိန်း အထိကို တင်ဒါစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်ပြီး ယူရို နှစ်သိန်းအထက် ကျောက် စိမ်းအရိုင်းတုံးများကို စျေးပြိုင်စနစ်ဖြင့် ရောင်း ချသွားမည်ဖြစ်သည်။ ကျောက်စိမ်း အချောထည်များကို ကြမ်းခင်းစျေး ယူရို ၁,၀၀၀ မှ စတင်သတ်မှတ် ထားသည်။

ပြပွဲတွင်ပါ၀င်ရောင်းချမည့်နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကို ဇွန်လ ၁၁ ရက်အထိ စစ်ဆေး လက်ခံပေး သွားမည်ဟု မြန်မာကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီမှ တာဝန်ရှိသူများက ပြောသည်။ ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းကို အဓိက ပြသရောင်းချမည် ဖြစ်ပြီး၊ ပုလဲ၊ ပတ္တမြား၊ နီလာ၊ အင်ကြင်း ကျောက်စသည့် ကျောက်မျက်ရတနာများကိုလည်း ပြသမည်ဖြစ်သည်။