ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ ကျောက်တလုံးဒုက္ခသည် စခန်းတွင် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ က အကူအညီများခွဲဝေ ပေးရာတွင် မျှတမှုမရှိဟု ဆိုကာ အရေးယူပေးပါရန် ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားထားပြီး တစ်လကျော်ကြာသည် အထိ ဖြေရှင်းပေးခြင်းမရှိဟု စခန်းတွင်းရှိ ဒုက္ခသည်များက မေ၂၉ ရက်တွင် မဇ္ဈိမကိုပြောသည်။
ဒုက္ခသည်များအဆိုအရ ကျောက်တစ်လုံး ဒုက္ခသည်စခန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌသည် ဒုက္ခသည်များ ကို ပေးအပ်သည့် စားသောက်ကုန်များကို အညီအမျှ ခွဲဝေမပေးခြင်း၊ ဒုက္ခသည်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အတွင်းရေးမှူးအဖွဲ့များနှင့် တိုင်ပင်ခြင်းမရှိဘဲ မိမိ သဘောဖြင့်ဆုံးဖြတ်ခြင်း၊ အစိုးရက ချထားပေးသော ဆင်းကဒ်များကို မိမိသဘောဖြင့် အသုံးပြုခြင်းစသော ကိစ္စများကို လုပ်ကိုင်လျှက်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းကို စိစစ်ပေးပါရန် ဒုက္ခသည် အားလုံးက လက်မှတ်ထိုး၍ ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လိပ်မူပြီးတိုင်ကြားထားခြင်းဖြစ်သည်။
“ဒုက္ခသည်စခန်းက ပဲတွေကို ပြန်ရောင်းရင်လည်း အခြားသူတွေကိုခွဲဝေမပေးဘူး”ဟု ယင်းဒုက္ခသည်စခန်းမှ ဦးဖြူချေက မဇ္ဈိမကိုပြောသည်။
အဆိုပါဒုက္ခသည် စခန်းကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) က လစဉ် ဆန်၊ ဆီ၊ ပဲ များ ထောက်ပံ့လျှက်ရှိပြီး ဒေသတွင်းမှ ကူညီမှုများလည်း ရှိသည်ဟု အဆိုပါ ဒုက္ခည်စခန်း ကြီးကြပ်ရေးမှူးက ဆိုသည်။
“အားလုံးမမျှတာ တာမရှိဘူး၊ ကျွန်တော့်ကို ကြိုက်သလို စစ်ဆေးလို့ ရတယ်”ဟု ကြီးကြပ်ရေးမှူး ဦးထွန်းထွန်း က မဇ္ဈိမကိုပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းတွင် အစိုးရက လုံခြံုရေး ဝန်ထမ်းများကိုသာချထားပေးပြီး ဒုက္ခသည်များ နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ဒုက္ခသည်များ အတွင်း ကော်မတီ ဖွဲ့စည်း၍ အုပ်ချုပ်စေခြင်း ဖြစ်သည်။
အကူအညီပေးရေးအဖွဲ့များ၏ အကူအညီများမှာလည်း ယင်းဒုက္ခသည်များထံသို့ တိုက်ရိုက် ကူညီခြင်းဖြစ်သည် ဟု ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုးက ပြောသည်။
“ဒုက္ခသည်တွေ တိုင်ကြားထားတာကို စစ်ဆေးနေဆဲဖြစ်ပါတယ်၊ စစ်ဆေးမှု မပြီးပြတ်သေးပါဘူး”ဟု ဦးကျော်သူစိုးက ဆိုသည်။
ကျောက်တစ်လုံး ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၅ဝဝဝ ကျော်ရှိပြီး ၂ဝ၁၂ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ယင်းဒုက္ခသည်စခန်းသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။