အပစ်ရပ်မူကြမ်းပါ ညှိနှိုင်းရခက်သည့် စကားလုံးများကို ပထမနေ့တွင်ပင် ဆွေးနွေးအောင်မြင်ဟုဆို

အပစ်ရပ်မူကြမ်းပါ ညှိနှိုင်းရခက်သည့် စကားလုံးများကို ပထမနေ့တွင်ပင် ဆွေးနွေးအောင်မြင်ဟုဆို
by -
မဇ္စျိမ

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အပစ်ရပ်မူကြမ်း တစ်ခုတည်းအတွက် ဒုတိယအကြိမ် ဆွေးနွေးမှုတွင် ယခင်ညှိနှိုင်းရခက်သည့် ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသော စကားလုံးများကို ဆွေးနွေးမှုအဆင်ပြေလာပြီဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

မေ ၂၁ ရက်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၌ အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် ဆွေးနွေးပွဲပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

NCCT ၏ အပစ်ရပ်မူကြမ်းတစ်ခုတည်း ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက “ဖက်ဒရယ် အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီ၊ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အနှစ်သာရကို သဘောတူ တဲ့ဆိုတော့ လက်ခံတဲ့အနေအထားပဲလို့ ပြောလို့ရပါတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် စတင်ဆွေးနွေးရာတွင် ဖက်ဒရယ်စနစ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူအခွင့်အရေး၊ တော်လှန်ရေးစသည့် စကားလုံးများကိုဆွေးနွေးမှု ခက်ခဲခဲ့ပြီး ယခုတစ်ကြိမ်တွင် ဆွေးနွေးရာ အချို့စကားလုံးများ ဆွေးနွေးမှု အောင်မြင်ခဲ့သည်ဟုလည်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျှန်မုန်းဆာခေါင်းက ဆိုသည်။ အဓိကအားဖြင့် အခြေခံမူတွင် ပါ၀င်သည့် စကားလုံးများကို တော်တော်များများ ဆွေးနွေးနိုင်ခဲ့ သည်ဟု ဆိုသည်။

၎င်းက “ အခြေခံမူထဲမှာ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော်ဘက်က တင်ပြတဲ့ တို့တာဝန် အရေးသုံးပါးလည်း ပါတယ်။ လောကပါလတရားလည်း ပါတယ်။ ကျွန်တော်တို့ ဖက်ဒရယ်ကို မူအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဆိုတာတွေ ဆွေးနွေးမယ်ဆိုတာပါတယ်။ တော်တော်လေး ကာဗာ ဖြစ်သွားတယ်” ဟု ဆိုသည်။

ဖက်ဒရယ်ဆိုသည့် စကားလုံးကို တိုက်ရိုက် သုံးစွဲခြင်းမဟုတ်ဘဲ တိုင်းရင်းသားများဘက်က လက်ခံထားသော ဖက်ဒရယ်၏ အခြေခံမူများကို လက်ခံလိုက်ပြီး “ ဒီမိုကရေစီရေး၊ အမျိုသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အာမခံချက်ပေးသော ပြည်ထောင်စု” ဟူသော စကားလုံးဖြင့် ပြောင်းလဲသုံးစွဲလိုက်ခြင်းဖြစ်သည် ဟုလည်း တိုင်းရင်းသားခေါင်းဆောင်များထံက သိရသည်။

ယနေ့ဆွေးနွေးပွဲသည် အောင်မြင်သော ဆွေးနွေးပွဲဖြစ်သည်ဟုလည်း တိုင်းရင်းသား ခေါင်းဆောင်များဘက်က ဆိုလိုက်ပြီး ဆွေးနွေးပွဲတွင် ဆွေးနွေးသော အကြောင်းအရာများနှင့် ပတ်သက်၍ NCCT အဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း “ကျွန်တော်တို့လုပ်နေတာက တစ်နီုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ်တစ်စောင် ရရှိဖို့တာဝန်ဖြစ်လို့ ပထမဆုံးအရေးကြီးတာက တပ်ပိုင်းဆိုင်ရာက အဓိကဦးတည်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို သွားမယ့် အခြေခံ ကျောရိုးတွေကို နည်းနည်းဖြည့်တယ်” ဟု ဆိုသည်။

အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) က အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကလည်း ဆွေးနွေးပွဲတွင် ညှိနှိုင်းရပိုမိုအဆင် ပြေလာပြီး ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍လည်း ယခင်ကပင် လက်ခံခဲ့ပြီးဖြစ်ကာ စာချုပ်စာတမ်းနှင့် ချုပ်ဆိုမည်ဖြစ်သည့်အတွက် ဆွေးနွေးနေကြခြင်း ဖြစ်သည်ဟု လည်းဆိုသည်။ ဆွေးနွေးရာတွင် တိုင်းပြည်က ခွဲထွက်ခြင်းနှင့် အချုပ်အခြာအာဏာကိုထိပါးခြင်း ကိစ္စရပ်များကလွဲ၍ မည်သည့် ကိစ္စမဆို ဆွေးနွေး၍ ရသည်ဟုလည်း ဆိုသည်။

ပထမအကြိမ် ဆွေးနွေးပွဲတွင် ညှိနှိုင်းရန် အချက်ပေါင်း ၄၅ ချက် ကျန်ရှိနေပြီး ယင်းအချက်များထဲမှာ ၂၅ ချက်ခန့် မေ ၂၁ ရက် ဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်ခဲ့သည်ဟုလည်း ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။