ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးမြို့ Youth Center တွင် ချင်းလူ့အဖွဲ့အစည်းများ တွေ့ဆုံကာ အချက်အလက် ၃၀ ကို ခေါင်းစဉ်တင် ဆွေးနွေးကြသည်။
တီးတိန်မြို့နှင့် တွန်းဇံမြို့တို့မှ လူမှုအဖွဲ့အစည်း ၂၀ မှ ကိုယ်စားလှယ်များ တက်ရောက်ကာ ၂၀၁၄ ခုနှစ်၊ မေလ ၁၆ နှင့် ၁၇ ရက်တို့တွင် ဆွေးနွေးခဲ့ကြသည်။
“ဒါ ပထမဆုံးအကြိမ် ဆွေးနွေးပွဲပါ။ နောက်ထပ် ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်တွေမှာ ထပ်လုပ်သွားဖို့ ရှိပါတယ်။ ချင်းလူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းပြည်နယ် အစိုးရနဲ့ အပြုသဘောပူး ပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်”ဟု တီးတိန်လူငယ်များ အသင်း ကိုယ်စားလှယ် ဆရာမလွန်ပီးက ပြောသည်။
တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်အလက်ခေါင်းစဉ် ၃၀ တွင် အဓိကအားဖြင့် ကလေးတက္ကသိုလ်ရှိ ဆရာ/ဆရာမ များမှ ကျောင်းသူ/သားများအား ချင်းအမျိုးသားနေ့ပွဲများတွင် လွတ်လပ်စွာ တက်ရောက် ဆင်နွှဲခွင့်အား ပိတ်ပင် ထားခြင်း၊ ပြည်နယ်အဆင့် လုပ်ငန်းစဉ်များနှင့် ကော်မတီများ ဖွဲ့စည်းရာတွင် ဗဟိုဦးစီးစနစ် များလွန်းခြင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ မလုံလောက်မှု ပြဿနာ၊ လမ်း၊ တံတား၊ အဆောက်အအုံများနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် အရည်အသွေးနိမ့်လွန်းနေခြင်း များပါ၀င်သည်။
ယင်းအပြင် တိုင်းနှင့်ပြည်နယ် နယ်နိမိတ်ပြဿနာ၊ မြေယာဥပဒေတွင် တောင်တန်းဒေသများ သုံးစွဲလာသည့် မြေယာ အသုံးပြုခြင်းဆိုင်ရာ မူဘောင်အား လျစ်လျူရှုခံရခြင်း၊ သစ်တောမြေများ သတ်မှတ်ရာတွင် ကြိုးဝိုင်း မြေ၊ အပတောများနှင့် ပတ်သက်သည့်သတ်မှတ်မှုများ တိကျစွာ ရှိမနေခြင်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ပြည်နယ်အတွက် သင့်တော်သည့် ဆက်သွယ်ရေးစနစ်များ မရှိခြင်း၊ ၀န်ထမ်းခန့်ထားရေး ဆိုင်ရာများတွင် အဂတိလိုက်စားမှုများရှိနေခြင်း ဦးစားပေးစနစ်များရှိနေခြင်း၊ ပြည်နယ်၏ ရသုံးငွေစာရင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမလုံလောက်စွာ မရှိခြင်း၊ ကျေးလက်ကျန်းမာရေးဌာနများ တိုက်နယ်ဆေးရုံများ လုံလောက်စွာမရှိခြင်းနှင့် ဒေသထွက်ကုန်များ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့် မရရှိခြင်း (ဥပမာ ၊ “၀”ဥ) စသည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။