လွန်ခဲ့သည့် မတ်လပိုင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ခဲ့သည့် ပဋိပက္ခများကြောင့် အကူညီပေးရေးလုပ်ငန်းများ ရပ်နားထားသည့် အဖွဲ့များ၏ ၉၀ ရာခိုင်နှုန်းမှာ ယခုအခါ အကူအညီပေးရေး လုပ်ငန်းများပြန်လည် စတင် နေပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မေ ၁၂ ရက်တွင် မဇ်္စျိမကို ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို ဒေသတွင်းမှ ထွက်ခွာသွားရန် ဆန္ဒထုတ်ဖော်မှု၊ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကူအညီပေးရေး လုပ်ငန်းများ ရပ်နားခဲ့ရာမှ ပြန်လည်လုပ် ကိုင်နေခြင်း ဖြစ်သည်။
နိုင်ငံတကာ အဖွဲ့အစည်းများသည် ဧပြီ ၂၂ ရက်က စတင်၍ ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ပထမဆုံး ၁၀ ဖွဲ့စတင်ခဲ့ကာ ယခု မေ ၁၂ရက်တွင် စုစုပေါင်း အကူအညီပေးရေးအဖွဲ့ ၂၃ ဖွဲ့မှ ၂၀ ပြန်လည်ရောက်ရှိ၊ လုပ် ငန်းစတင်နေပြီ ဖြစ်သည်။
NGO အဖွဲ့များအနေဖြင့် အကူအညီပေးရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများအကြား အရေးပေါ်ညှိနှိုင်းရေး ဗဟိုဌာန ECC (Emergency Coordinate Center) ကို ဖွဲ့စည်းထားသည်။
“အဖွဲ့အားလုံးနီးပါး ပြန်ဝင်လာပြီ။ တစ်ခုတော့ ရှိတာပေါ့။ သူတို့ကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဖို့ အတွက် ဖွဲ့ပေးထားတဲ့ ECC အဖွဲ့နဲ့တိုင်ပင်ပြီးလုပ်ဖို့ လိုတာပေါ့” ဟု ဦးဝင်းမြိုင်က ဆိုသည်။
စစ်တွေမြို့နှင့် မောင်တောမြို့များတွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ နှစ်ဆယ်ကျော် ပြန်လည်ဝင် ရောက်ကာ အကူအညီပေးရေး လုပ်ငန်းများစတင်လျက် ရှိသည်ဟု ဆိုသည်။
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပြန်လည်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ECC အဖွဲ့တွင်ပါ၀င်သူ ဦးဦးသာပွင့်က “ကြားခံညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့ထားပြီး အသုံးပြုဖို့တော့ လိုတာပေါ့ ဒီအဖွဲ့က တောင်းဆိုတဲ့ အချက်တွေကို လိုက်နာဖို့ လိုပါတယ်”ဟု ဦးဦးသာပွင့်က ပြောသည်။ အဆိုပါ အကူအညီပေးရေး အဖွဲ့များ ကို စစ်တွေမြို့ စက်မှုအထက်တန်းကျောင်းနှင့် စစ်တွေမြို့ အနောက်ဘက်ရှိ နေအိမ်များကို ငှားရမ်းနေထိုင် ရန် သဘောတူထားသည်ဟု ဆိုသည်။
မတ်လ ၂၆ နှင့် ၂၇ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့များ၏ ရုံးများ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ ရုံးခန်း ၁၄ ခန်းဖျက်ဆီးခံခဲ့ရပြီး ထိုရုံးများမှ ၀န်ထမ်းများ ရန်ကုန်သို့ တိမ်းရှောင်လာကာ အကူအညီပေးရေး လုပ်ငန်းများကို ရပ်နားထားခဲ့ရသည်။