ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမှုကို ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ထံ ဧပြီလ ၂၉ ရက်တွင် စာပေးပို့လိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မဇ္စျိမကို ပြောသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲနှင့် KIOတို့ မေလ၁၀ ရက်၌ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် ဖိတ်ကြားစာကို KIO ၏ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပေးပို့လိုက်ခြင်း ဖြစ်သည်။
“အဓိကတော့ ဒီကြားထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ တခြားဆွေးနွေးရမယ့် အချက်အလက်တွေ အများကြီးဆွေးနွေးရဖို့ ရှိပါတယ်။ ဒီဆွေးနွေးရေး ဖြစ်စဉ်တွေ တစ်ခုလုံး လုပ်နေတဲ့အချိန်မှာ တိုက်ပွဲတွေ များပြားလာတဲ့ ကိစ္စကို အဓိကဆွေးနွေးမှာဖြစ်ပါတယ်” ဟု ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ၈ ရက်မှ ၁၀ ရက်နေ့ထိ KIO နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဖြစ်ပွားနေသော အခြေအနေများကို နှစ်ဦးနှစ်ဖက် တွေ့ဆုံ၍ အမြင်သဘောထားများ ဖလှယ်ခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်ရေးဖြစ်စဉ်တွင် ပိုမိုအဆင်ပြေစေမည်ဟု သူကဆိုသည်။
ထိုဆွေးနွေးပွဲသို့ ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဗီယား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Mr Wang Yingfan၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် တစ်နိုင်ငံလုံုး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဟု သိရသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့အကြား ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ ၁၀ရက်မှ ၁၈ရက်ခန့်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၅၀၀၀ကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။
၂၀၀၃ ခုနှစ်၊ အောက်တိုဘာလက အစိုးရနှင့် KIOတို့၏ သုံးရက်ကြာ အစည်းအဝေးတွင် လိုင်ဇာညီလာခံ ကျင်းပရေးအပါအဝင် စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။
ထိုကော်မတီကို ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံနှင့် ဖွဲ့စည်းသွားရန်၊ ၎င်းကော်မတီကို အခြေပြဇယား (Joint monitoring committee structure) ပူးတွဲ (၁)၊ ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံ ၅ ချက်နှင့် စည်းကမ်းချက် ၁၈ ချက်တို့ ပါဝင်သည့် ပူးတွဲ (၂) ကို အခြေခံ၍ အသေးစိတ် စီမံချက် (Operation Plan) ချမှတ်နိုင်ရန်တို့ကို နှစ်ဖက် နည်းပညာအထောက်အကူပြုအဖွဲ့များ အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဟူသော အချက် ရ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသေးသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ရှုတ်ချကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က ထုတ်ပြန်ထားသည်။
NCCT ခေါင်းဆောင်များ၏ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၂၈ရက်နှင့် ၂၉ရက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင်လည်း လာမည့် မေလ တတိယပတ်တွင် UPWC နှင့် တိုင်းရင်းသားအဖွဲ့ အစည်းများမှ ၉ ဦးစီပါဝင်သော single text ရေးဆွဲရေးအဖွဲများ ပြန်လည် တွေ့ဆုံရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။