သစ်တောဦးစီးဋ္ဌာနလက်အောက်တွင် တောကြပ်နှင့် တောခေါင်းအပါအဝင် ၀န်ထမ်းလိုအပ်ချက် ရ,၀၀၀ ခန့်ရှိနေသောကြောင့် သစ်တောများထိန်းသိမ်းရာတွင် မနိုင်နင်းမှုဖြစ်နေသည်ဟု နေပြည်တော်ရုံးချုပ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းဧက ရ၈ သန်းခန့်ရှိပြီး သစ်တောဝန်ထမ်း စုစုပေါင်း ၈,၀၀၀ ခန့်သာရှိ ကာ အမှန်တကယ်ရှိရမည့် ၀န်ထမ်းအရေအတွက် ၁၅,၀၀၀ ပြည့်မီရန် ရ၀၀၀ လိုအပ်လျက်ရှိသည်။
သစ်တောဦးစီးဌာန ၀န်ထမ်းတစ်ဦးလျှင် ဧကတစ်သောင်းကျော်ခန့်ကို တာဝန်ယူထိန်းသိမ်းရသဖြင့် သစ် ခိုးမှုများ၊ သစ်လုပ်ငန်း မသမာလုပ်ဆောင်မှုများတွင် အားနည်းချက်များ ဖြစ်ပေါ်လာရသည်ဟု ဦးဇော်ဝင်း ကဆိုသည်။
“သစ်တောဝန်ထမ်းတွေမှာ အသက်အန္တရာယ်ရှိပါတယ်။ နယ်စပ် လက်နက်ကိုင်ဒေသတွေမှာဆိုရင် အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး အင်ပြည့်အားပြည့်နဲ့ နိုင့်ထက်စီးနင်းပြုတာတွေကို ခံကြရတာတွေရှိပါတယ်။ ပြည်မထဲမှာလည်း ပဲခူးရိုးမနဲ့ စစ်ကိုင်းတိုင်းသစ်တောကြိုးဝိုင်းတွေမှာ လက်နက်နဲ့ အကြမ်းဖက်ပြီး သစ် တောတွေထဲ ၀င်တာတွေရှိပါတယ်။ သစ်တောဝန်ထမ်းတွေအနေနဲ့က လက်နက်ကိုင်ဆောင်ရတယ်ဆို ပေမယ့် ပစ်ခွင့်မရှိပါဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ်တစ်ခုဖြစ်သော မိန်းမလှကျွန်းတွင်လည်း သစ်တောဝန်ထမ်း လိုအပ်ချက်များရှိနေခြင်းကြောင့် ကျွန်းပေါ်ရှိ ဒီရေတောများ ထိန်းသိမ်းရာတွင် အားနည်းခြင်း၊ သစ်ခိုး ခုတ်မှုများ၊ မီးသွေးဖုတ်လုပ်ငန်းများကို တားဆီးရန် အားနည်းခြင်းများရှိသည်ဟု မိန်းမလှကျွန်းတောအုပ် ကြီး ဦးဇော်ထူးအောင်က ၀န်ထမ်းလိုအပ်ချက်များကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်ဟု ဆိုသည်။
“ကျွန်တော်တို့ကျွန်းမှာ ကင်းထောက်စခန်း ခြောက်ခုရှိတယ်။ နေရာစုံအောင်လိုက်ပြီးတော့ နေ့တိုင်း ကြည့်မနေနိုင်တာတွေရှိတော့ သစ်ခုတ်တာတွေ ရှိနေတာပါ။ ဒါဟာလည်း ၀န်ထမ်းလိုအပ်ချက်ကြောင့် ဖြစ်ရတာပါ”ဟု မိန်းမလှကျွန်း ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေဆို ထားသည်။
သစ်တောဦးစီးဌာန ဖွဲ့စည်းပုံကန့်သတ်ချက်များ၊ ဘတ်ဂျက်လိုအပ်ချက်များအရ ၀န်ထမ်းလိုအပ်ချက်ဖြည့် ဆည်းရန်အတွက် ၀န်ထမ်းခန့်အပ်ရန် လိုအပ်ချက် အခက်အခဲများရှိနေရဆဲဖြစ်သည်ဟု ဦးဇော်ဝင်းက ဆိုသည်။
သစ်တောများထိန်းသိမ်းရန် ၀န်ထမ်းလိုအပ်ချက်ရှိနေပြီး ဆယ်နှစ်အတွင်း သစ်ခိုးထုတ်မှု တန်ချိန် ၃၉၀, ၀၀၀ ခန့်ကို ဖမ်းဆီး အရေးယူခဲ့သည်ဟု သစ်တောဦးစီးဋ္ဌာနမှ သိရသည်။ ထို့ပြင် သစ်တောကြိုးဝိုင်းများ ကို ထိန်းသိမ်းရန် အားနည်းသော ၀န်ထမ်းများအပါအဝင် သစ်ခိုးထုတ်သူများနှင့် ပူးပေါင်းခိုးထုတ်ခဲ့သည့် ၀န်ထမ်းများကို အရေးယူခဲ့ရာ စုစုပေါင်း ၀န်ထမ်းဦးရေ ၃,၂၀၀ အရေးယူ အပြစ်ပေးပြီး ဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ ဆိုသည်။