NCCT အဖွဲ့ဝင်များ၏ ဧပြီလကုန် ချင်းမိုင်ဆွေးနွေးပွဲပြီးမှ အစိုးရနှင့်တွေ့ဆုံမည့်ရက် သတ်မှတ်နိုင်မည်

NCCT အဖွဲ့ဝင်များ၏ ဧပြီလကုန် ချင်းမိုင်ဆွေးနွေးပွဲပြီးမှ အစိုးရနှင့်တွေ့ဆုံမည့်ရက် သတ်မှတ်နိုင်မည်
by -
မဇ္စျိမ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များ ဧပြီလကုန်တွင် ချင်း မိုင်၌ တွေ့ဆုံဆွေးနွေးမှုပြီးမှ ရန်ကုန်တွင် အစိုးရအဖွဲ့များနှင့် တွေ့ဆုံမည့်ရက်ကို သတ်မှတ်နိုင်မည်ဖြစ် သည်ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား နှစ်ဖက်ကိုယ်စားလှယ်များဖြင့် ရေးဆွဲသည့် တစ်ခု တည်းသော အပစ်ရပ်မူကြမ်း (Single Text)ကို ထပ်မံအချောသပ်ရေးဆွဲရန် လာမည့်မေလ ပထမပတ် အတွင်း တွေ့ဆုံရန် နှစ်ဖက်စလုံးက သဘောတူညီထုတ်ပြန်ပြီး ဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း တွင် ရက်ရွှေ့ပြောင်းသည်ဟုဆိုခဲ့ရာမှ ၎င်းတို့၏ ချင်းမိုင်ဆွေးနွေးပွဲပြီးမှ ရန်ကုန်တွင် ဆွေးနွေးမည့်ရက် ကို အတိအကျ သတ်မှတ်နိုင်မည်ဟု ဆိုခြင်းဖြစ်သည်။

ဧပြီလကုန်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ NCCT မှ အဖွဲ့တွင်း အစည်းအဝေးပြုလုပ်ခြင်းနှင့်ပတ်သက် ပြီး နိုင်ဟံသာက “အဓိကကတော့ ပြီးခဲ့တဲ့ဆွေးနွေးမှုနဲ့ လက်ရှိဖြစ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို သုံး သပ်မယ်။ ဆွေးနွေးပွဲအနေအထားပေါ်မှာမူတည်ပြီး တိုင်းရင်းသားတွေအတွက် နည်းလမ်းအသစ်တွေ ကို ဘယ်လိုရှာမလဲ ညှိနှိုင်းကြမယ်”ဟု ဆိုသည်။

ငြိမ်းချမ်းရေးအတွက် အပစ်ရပ်မူကြမ်းတစ်ခုတည်းကို ရေးဆွဲနေသည့်အဆင့်သို့ ရောက်နေသော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း၊ ဧပြီလဆန်းပိုင်းက MPC တွင် မူကြမ်းတစ်ခုတည်း ဖြစ်ရေးအတွက် ဆွေးနွေးရာ၌ တပ်မတော်ကိုယ်စားလှယ်များက ဖက်ဒရယ်စနစ်ကို လက်မခံသဖြင့် ရှင်းပြမှုများ ရှိနေခြင်း များသည် ဆွေးနွေးမှုအပေါ်တွင် ယုံကြည်မှုများ လျော့ကျစေသည်ဟုလည်း တိုင်းရင်းသားခေါင်းဆောင် များက မဇ္ဈိမကို ပြောထားသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တို့အကြား အပစ်ရပ်ဆွေးနွေးမှုများ ပြု လုပ်နေသော်လည်း ဆွေးနွေးဆဲကာလများတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားကာ ဒုက္ခသည်များလည်း ၆၀၀၀ ထက်မနည်း တိုးလာခဲ့သည်။

ယင်းသို့ ဖြစ်ရပ်များသည် ယုံကြည်မှုလျော့နည်းစေပြီး “ငြိမ်းချမ်းရေးအတွက် စေတနာမှန်ရဲ့လား” ဆို သည်မှာ စဉ်းစားစရာ ဖြစ်နေသည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက သုံးသပ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ကချင်ပြည်နယ်နှင့် ရှမ်း ပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကို ကန့်ကွက်ကြောင်း ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

Most read this week