ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့၊ ဂျေယန်းစခန်းနှင့် ဖုန်လွမ်ယန် ဒုက္ခသည်စခန်းများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲများကို ဧပြီလ ၂၅ရက်က ကျင်းပခဲ့သည်ဟု KIO မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီဝင် ဦးဒွဲပီဆားက မဇ္စျိမကို ပြောသည်။
“တိုက်ပွဲ မဖြစ်ခင် ၂၀၁၀မှာ ကျွန်တော်တို့ ကေအိုင်အို ဗဟိုကနေ ကော်မတီ ဖွဲ့စည်းခဲ့တယ်၊ ကော်မတီရဲ့ တာဝန်ခံ ဗိုလ်ချုပ် ဂွမ်ရှောင် ဦးဆောင်ခဲ့တယ်၊ ဒါကြောင့် စစ်တပ်ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဘိန်းဖျက်ပေးတာတွေ လုပ်ပေးနိုင်ခဲ့တယ်၊ နောက်နှစ်၂၀၁၁ ခုနှစ်မှာ တိုက်ပွဲ ပြန်ဖြစ်လာတဲ့ အချိန်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ခဲ့ပြီးသားဆိုတော့ ရောင်းတာတွေ လျော့တယ်။ သုံးစွဲသူတွေလည်း လျော့သွားတယ်၊ ဒါကြောင့် လျော့နည်းသွားတယ်လို့ ပြောလို့ ရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
လိုင်ဇာမြို့အနီး ဂျေယန်းဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို ပညာပေး ဟောပြောခဲ့သလို၊ ဒုက္ခသည်များကလည်း မူးယစ်ဆေးဝါးကြောင့် ၎င်းတို့၏ ခံစားချက်များကို တင်ပြခဲ့ကြသည်ဟု ဦးဒွဲပီဆာက ပြောသည်။
“ထူးခြားတာက ကျွန်တော်တို့ ကေအိုင်အိုမှာက နဂိုကတည်းကနေ တိုက်ဖျက်နေတာဖြစ်တယ်၊ အောင်မြင် မှုရတယ်၊ ကျွန်တော်တို့ နယ်မြေမှာက ဘိန်းစိုက်ပျိုးတာ မရှိအောင် ထိန်းချုပ်နိုင်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ နယ်မြေရဲ့ ပတ်ဝန်းကျင်မှာ စိုက်ပျိုးတာတွေ အများကြီး ရှိနေသေးတယ်၊ သုံးစွဲတာတွေ ရှိနေတယ်၊ ဒါကြောင့် ကေအိုင်အိုပဲ တိုက်ဖျက်လို့ မဖြစ်ဘူး၊ ပြည်သူတွေအားလုံးပူးပေါင်းပြီး တိုက်ဖျက်သွားဖို့ ဒီနေ့ဟောပြောခဲ့တယ်”ဟု သူက ပြောသည်။
KIO ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီက မိမိထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် နေသော်လည်း အောင်မြင်မှု မရရှိခဲ့သဖြင့် ပြည်သူလူထုများ ပူးပေါင်းပါဝင် တိုက်ဖျက်ရမည်ဟု ဆိုကာ ၂၀၁၃ ခုနှစ် ဇွန်လက ပြည်သူလူထုအား ခေါ်ယူ၍ မိမိဒေသများအတွင်း ဖြစ်ပွားနေသော အခြေအနေများကို အစီရင်ခံစာ တင်ရန် ဆွေးနွေးခဲ့သည်ဟု ဦးဒွဲပီဆာက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅၊ ၂၆ ရက်များတွင် ပြည်သူလူထုများ၏ အစီရင်ခံစာ တင်ပြချက်များကို ဆွေးနွေးခဲ့ကြပြီးနောက် မိမိဒေသအတွင်း မူးယစ်ဆေးဝါး ပညာပေး ဟောပြောမှုများ လုပ်ဆောင်ရန် KIO နှင့် ပြည်သူလူထုမှ ကိုယ်စားလှယ်များ ပါဝင်သော ဦးဆောင်ကော်မတီ Steering committee ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဧပြီလ ၁၇၊ ၁၈၊ ၁၉ ရက်များတွင်လည်း ပြည်သူလူထုနှင့် KIO တို့ ပူးပေါင်းကာ ယခုနှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သူက ဆိုသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းသည် အောင်မြင်သည်ဟု ရှုမြင်ပြီး ယခုကဲ့သို့ ကေအိုင်အိုမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်မည် ဖြစ်သည်ဟု ဆိုသည်။
KIO သည် ၁၉၉၁ ခုနှစ်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီက ဖွဲ့စည်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင်မူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို ပိုမိုတိုးမြင့် လုပ်ဆောင်ခဲ့သည်ဟု ဦးဒွဲပီဆားက ပြောသည်။
ထို့ပြင် လိုင်ဇာမြို့အတွင်း ကချင်လူငယ်များ ဦးဆောင်ကာ ရာနှင့်ချီသော လူငယ်များက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ဆိုင်ကယ်နှင့် ကားများဖြင့် အသံချဲ့စက်များဖြင့် လိုက်လံ ဟောပြောခဲ့ကြသည်ဟု သိရသည်။ အလားတူ ယနေ့ကျရောက်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်မနောကွင်းတွင် ပြည်သူလူထု ၁,၅၀၀ ခန့် တက်ရောက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်ဟု သိရသည်။