ဧဝရတ်တောင်တက်မည့် မြန်မာအဖွဲ့ တောင်ခြေရောက်သည့်နေ့တွင် ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက်သမား ၁၈ ဦး သေဆုံး

ဧဝရတ်တောင်တက်မည့် မြန်မာအဖွဲ့ တောင်ခြေရောက်သည့်နေ့တွင် ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက်သမား ၁၈ ဦး သေဆုံး
by -
မဇ္စျိမ

နီပေါနိုင်ငံရှိ ဧဝရတ်တောင်သို့ မြန်မာနိုင်ငံမှ တောင်တက်အဖွဲ့ ပထမအကြိမ် တက်ရောက်ရန် တောင်ခြေသို့ ရောက်ရှိသည့်နေ့(ဧပြီ ၁၈ရက်)၌ပင် ရာသီဥတုအခြေအနေအရ ရေခဲတောင်ပြိုကျမှုကြောင့် တောင်တက် နေသည့် နိုင်ငံခြားသားလမ်းပြ ၁၈ ဦး သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ တောင်တက်အဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာတောင်တက်အဖွဲ့သည် ဧဝရတ်တောင်သို့တက်ရန် ပြင်ဆင်နေဆဲ ဖြစ်ပြီး တောင်ပြိုကျမှုသည် အမြင့်ပေ ၁၉,၀၀၀တွင်ရှိသော တောင်ထွတ်တစ်နေရာတွင်ဖြစ်သည်။ သေဆုံးသွားသူများမှာ နီပေါလမ်းပြ ၆ ဦး အပါအဝင် နိုင်ငံခြားတောင်တက်သမားတို့ စုစုပေါင်း  ၁၈ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။

မြန်မာတောင်တက်အဖွဲ့မှ “ကျွန်တော်တို့ နိုင်ငံရဲ့ အလံကို ဧဝရတ်တောင်ထွဋ်မှာ လွှင့်မယ်ဆိုတာကိုတော့ အရှုံးပေးမှာ မဟုတ်ဘူး၊ သေတစ်နေ့ မွေးတစ်နေ့ စိတ်ဓါတ်နဲ့ မြန်မာ့အလံကို လွှင့်ထူဖို့ ကြိုးစားသွားမှာပါ"ဟု ပြောသည်။

မြန်မာနိုင်ငံ တောင်တက်အဖွဲ့များအနေဖြင့် တောင်ခြေစခန်းတွင် တောင်တက်တောင်ဆင်း လေ့ကျင်းခန်းပြု လုပ်နေဆဲပင်ဖြစ်သည်။ ရေခဲတောင်ပြိုကျမှုတွင် သေဆုံး ခဲ့သည့် သူများကို ရဟတ်ယာဉ် ၁၃ စင်းဖြင့် ရှာဖွေရေးပြုလုပ်နေသည်ကိုလည်း မြင်တွေ့နေရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ တောင်တက်အဖွဲ့မှ တစ်ဦးဖြစ်သည့် ကိုရဲမင်းသူက “ အခု ရေခဲပျော်ကျမှုကြောင့် ဖြစ်ပျက်သွားတဲ့ သူတို့အားလုံးအတွက် ကျွန်တော်တို့ စိတ်မကောင်းဘူး၊ ပျောက်နေတဲ့ သူတွေကိုလည်း တွေ့ပါစေလို့ ဆုတောင်းနေတယ်"ဟု ဆိုသည်။

ဧဝရတ်တောင်ခြေသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်တတ်အဖွဲ့၏ ပြောကြားချက်အရ ရေခဲပျော်ကျမှုကာ နှင်းခဲရိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာရသူ ၄ ဦးနှင့် ပျောက်ဆုံးနေသူ ၅ ဦးရှိသည်။

၁၉၅၃ ခုနှစ်တွင် ဧဝရတ်တောင်သို့ တတ်ရောက်ခဲ့ကြသည့်  နယူးဇီလန်နိုင်ငံ တောင်တက်သမားများ၏ ပထမဦးဆုံးခရီးတွင် တောင်တက်သမား ၄၀၀၀ကျော် တက်ရောက်ရာ အောင်မြင်ခဲ့ကြသော်လည်း ထိုသူများထဲမှ ၁၀၀ ကျော်မှာ တောင်တက်နေရင်း သေဆုံးခဲ့သည်။

၁၉၉၆ ခုနှစ် မေလ ၁၁ ရက်တွင် တောင်တက်သမား ၈ ဦးမှာ တောင်ထွဋ်နား အရောက်တွင် နှင်းမုန်တိုင်းတိုက် ခတ်မှုကြောင့် သေဆုံးခဲ့ရမှုကို ဧဝရတ်တောင်၏ အဆိုးဆုံး အန္တရာယ်ဟု မှတ်တမ်းတင်ခံခဲ့ရသည်။

၁၉၇၀ ခုနှစ်တွင် နီပေါနိုင်ငံမှ တောင်တက်သမားလမ်းပြ ၆ ဦး ရေခဲပျော်ကျမှုကြောင့် သေဆုံးခဲ့သည်။

ဧဝရတ်တောင်သည် ပင်လယ်ရေပြင်အထက် အမြင့်ပေ ၂၉,၀၂၉ ပေရှိသည်။