စစ်တွေ ပဋိပက္ခကြောင့် ဖမ်းဆီးစစ်ဆေးခံရသူ ငါးရက်ကြာ သတိလစ်လျှက်ရှိ

စစ်တွေ ပဋိပက္ခကြောင့် ဖမ်းဆီးစစ်ဆေးခံရသူ ငါးရက်ကြာ သတိလစ်လျှက်ရှိ
by -
မဇ္စျိမ

စစ်တွေ ပဋိပက္ခတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် ရခိုင်အမျိုးသားပါတီ (ANP)၏ အရံ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမောင်သိန်းသည် သတိလစ်နေသည်မှာ ငါးရက်ခန့်ကြာမြင့်ပြီးဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရမည်ဟု ၎င်း၏ သားဖြစ်သူ ကိုနိုင်စိုးက ဧပြီ ၁၁ ရက်တွင် မဇ္စျိမကိုပြောသည်။

မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့တွင်းရှိ NGO ရုံးများကို ရခိုင်ဒေသခံ လူအုပ်စုက တိုက်ခိုက်ခဲ့သဖြင့် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးရာတွင် ANPပါတီ ၏ အရံဗဟိုအလုပ်အမှုဆောင် ဦးမောင်သိန်းကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ရာ စစ်ကြောရေးကာလတွင် ဦးနောက်သွေးကြောပေါက် ရောဂါဖြင့် သတိလစ်လျှက် ရှိသည်ဟု ကိုနိုင်စိုးကပြောသည်။

“စစ်တွေဆေးရုံက ဆရာဝန်ကြီးကတော့ ၈၅ရာခိုင်နှုန်း အခြေအနေမကောင်းဘူးလို့ ပြောတယ်”ဟု ကိုနိုင်စိုးက ပြောသည်။

ဦးမောင်သိန်းသည် ဧပြီ ရ ရက်မှ စ၍ ဧပြီ ၁၁ ရက်အထိ ငါးရက်ကြာ သတိလစ်မေ့မြော လျှက်ရှိသည်ဟု ကိုနိုင်စိုးကပြောသည်။

ငါးရက်ကြာ မေ့မြောနေသည့် ဦးမောင်သိန်းကို ရန်ကုန်ဆေးရုံကြီးတွင် ကုသရန်အတွက် ဧပြီ ၁၂ရက် နံနက်တွင် ANP ပါတီ၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ လာရောက်မည်ဟု အဆိုပါ ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခိုင်ပြည်စိုးက ပြောသည်။

“ဒီမှာက ပစ္စည်းမပြည့်စုံဘူး၊ လူနာက အသက်လုနေရတဲ့ အခြေအနေဖြစ်တဲ့အတွက် ရန်ကုန်ကိုပို့တာပါ”ဟု ဦးခိုင်ပြည်စိုးကပြောသည်။

ဦးမောင်သိန်းသည် မတ် ၃၁ရက်က ညပိုင်းက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ကြောရေးကာလတွင် မိသားစုနှင့် တွေ့ခွင့်မပေးခဲ့ပေ။

ဧပြီ ရ ရက်တွင် ဇနီးဖြစ်သူက တွေ့ခွင့်တောင်းရာမှ သတိလစ်နေသည်ကို တွေ့ရပြီး စစ်တွေဆေးရုံသို့ တင်ခဲ့ရခြင်းဖြစ်ကာ ယနေ့အချိန်ထိ သတိမရသေးဟု ၎င်း၏ မိသားစုဝင်များကပြောသည်။

 ဦးမောင်သိန်း၏ ညီမ ဒေါ်ခင်မြဝင်းသည်လည်း ဖမ်းဆီးစစ်ဆေးခံရပြီး ဧပြီလ ၁၁ရက် နေ့လည် ၂ နာရီခန့်က စစ်တွေ ဆေးရုံသို့ သတိလစ်ကာ ထပ်မံရောက်ရှိလာသည်ဟု ကိုနိုင်စိုးက ပြောသည်။

စစ်တွေမြို့NGOများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍  စစ်တွေမြို့နယ်မှ အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၆)ဦး ပေါင်း(၁၂)ဦး ဖမ်းဆီးစစ်ဆေးခဲ့ပြီး အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

စစ်တွေ ပဋိပက္ခနှင့်ပတ်သက်၍ မတ်လ ၃၁ရက်နေ့ နောက်ပိုင်းတွင် ထပ်မံဖမ်းဆီးမှုများပြုလုပ်ခြင်းများ မရှိသေးဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်မြင့်ကပြောသည်။