ဖွဲ့စည်းပုံပြင်ဆင်ရေး သင်္ကြန်ကာလအတွင်း ဖျာပုံမြို့နယ်တွင် ဆန္ဒပြမည်

ဖွဲ့စည်းပုံပြင်ဆင်ရေး သင်္ကြန်ကာလအတွင်း ဖျာပုံမြို့နယ်တွင် ဆန္ဒပြမည်
by -
မဇ္စျိမ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် လူအင်အား ၁,၀၀၀ ခန့် ပါ၀င်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန်္ဒဖော်ထုတ်ပွဲကို ဧပြီ ၁၁ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ပြုလုပ်သွားမည်ဟု ဖျာပုံမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ အင်န် အယ်လ်ဒီပါတီဝင် ဦးသိန်းဆွေက မဇ္ဈိမကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ရန် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ သက်ဆိုင်ရာ ခွင့်ပြုချက်ကို ဧပြီလ ၄ ရက်တွင် ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင် ၁,၀၀၀ ခန့် ဆန်္ဒပြမည်ဖြစ်သည်။

ဦးသိန်းဆွေက “ပြီးခဲ့တဲ့မတ်လအတွင်း ကတည်းက ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုချက်တင်တာ မပေးဘူး။ သန်းခေါင်စာရင်း ကောက်မယ့်ရက်တွေဖြစ်လို့ မပေးနိုင်ဘူး၊ နောက်ဆုတ်ပေးဖို့ ပြောပါတယ်။ အခုလ ၁၁ ရက်မှာ ပေးလိုက်တော့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ပွဲကို မီဒီယာတွေ ရုံးပိတ်ရက်မှာ လုပ်တာတော့ လူထုနဲ့ အဆက်အသွယ် ပြတ်စေချင်တာပဲဖြစ်တယ်” ဟုပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ဆန္ဒဖော်ထုတ်မှုများကို နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုများက ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တောင်းဆိုခဲ့သော် လည်း အစိုးရအနေဖြင့် တုံ့ပြန်မှုမရှိဘဲ ဆန်္ဒပြခေါင်းဆောင်များကို သတိပေးခြင်း၊ တရားစွဲခြင်းများကို မတ်လအတွင်းက ပြုလုပ်ခဲ့သည်။

ဆန္ဒပြရာတွင်ပါ၀င်မည့် ဖျာပုံမြို့ ဒေသခံ ဦးသန်းနိုင်က “ကျွန်တော်တို့မြို့မှာ ဖွဲ့စည်းပုံကို ဆန္ဒပြမှာက အခု ပထမဆုံးပါ။ ခွင့်ပြုချက်လည်း ရထားပါတယ်။ ဖမ်းတာဆီးတာတွေ တရားစွဲတာတွေ လုပ်လည်း ဆန္ဒဖော်ထုတ် သွားရမှာပါပဲ။ ဘယ်သူကမှတော့ အဖမ်းခံ ထောင်ချခံပြီး ဆန္ဒဖော်ထုတ်ချင်မှာလဲ။ မြန်မာနိုင်ငံအတွက်၊ ပြည်သူတွေအတွက်ပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ဖွဲ့စည်းပုံပြင်ရန် တစ်နိုင်ငံလုံးတွင် လုပ်ဆောင်နေသော ဆန်္ဒထုတ်ဖော်မှုများမှ ထူးခြားမှုမရှိလျှင် လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော် အတွင်း တင်ပြမှုများ၊ ဆွေးနွေးမှုများလုပ် ဆောင်သွားမည်ဟု ဦးသိန်းဆွေက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများက မြို့နယ် အသီးသီးတွင် ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်ခဲ့ကြပြီး မတ်လ ၂၅ ရက်က မကွေး မြို့၌ ဆန္ဒပြခဲ့ရာ ခွင့်ပြုချက်မပေးဘဲ ဆန္ဒပြ သူများကို သက်ဆိုင်ရာရဲစခန်းများသို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ပခုက်္ကူမြို့တွင်လည်း မတ် ၂၆ ရက်က ဆန်္ဒဖော်ထုတ်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ခံဝန် လက်မှတ်ထိုးပေးရန် အတွက် စစ်ဆေးမှုများကို အစိုးရတာဝန်ရှိ သူများက ပြုလုပ်ခဲ့ကြသည်။

Most read this week