စတီးထည်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော ခရိုမိုက်သတ္တုကို ထုတ်လုပ်နိုင်ရန် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ မြေအငှားစနစ်ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီထားပြီးဖြစ်သည်ဟု ချင်းပြည်နယ်သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက မဇ္ဈိမကို ပြောကြားသည်။
ချင်းပြည်နယ် တွန်းဇံမြို့နယ် မြေရှင်စရာကြိုးဝိုင်းပြင်ပတွင် ခရိုမိုက်သတ္တုတူးဖော်ခွင့်ကို ပြည်ထောင်စုအစိုးရ သတ္တုတွင်းဝန်ကြီးဋ္ဌာနမှ ခွင့်ပြုချက်ဖြင့်ပေးခဲ့ပြီး မတ်လ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံမှ Karam Cha- ng ThaPar Bross ကုမ္ပဏီမှ လာရောက်ကြည့်ရှုမှုများကို ပြုလုပ်ခဲ့တယ်ဟု ၎င်းက ဆက်ပြောသည်။
“အဆင့်သုံးဆင့်အနေနဲ့ သဘောတူညီမှု ရရှိထားပါတယ်။ ပထမအဆင့်အနေနဲ့ စမ်းသပ်တယ်။ နောက်တူးဖော်မယ်။ ပြီးရင် ထုတ်လုပ်မယ်။ စမ်းသပ်မှုက နှစ်ကြိမ် လုပ်ပြီးတော့ အခု တူးဖော်ဖို့အတွက် လာပြီး လေ့လာကြတာ” ဟု ဆိုသည်။
ချင်းပြည်နယ်တွင် သတ္တုတူးဖော်ရေး လုပ်ကိုင်နေသော ကုမ္ပဏီများရှိပြီး မြေယာသိမ်းမှုများ ဖြစ်လေ့ရှိကာ ထိုက်သင့်သော လျော်ကြေးပေးခြင်းမရှိခဲ့၍ ဒေသခံများ အကျိုးရှိပြီး ဒေသဖွံ့ဖြိုးမှုများကို ဦးတည်ရန် လုပ် ဆောင်ပေးသင့်သည်ဟု တွန်းဇံမြို့နေ ဦးဟွားဟိုက ဆိုသည်။
“အခုချိန်ထိတော့ ဒီစီမံကိန်းနဲ့ပတ်သက်လို့တော့ ဘာမှ မသိရသေးဘူး။ အများအတွက် နိုင်ငံအတွက် အကျိုးရှိတဲ့ အလုပ်မျိုးဖြစ်ဖို့တော့ လိုတယ်။ ဒေသခံတွေကတော့ ဘာဖြစ်လာမယ်ဆိုပြီး မျှော်လင့်ကြတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။
သတ္တုတူးဖော်ရေးလုပ်ငန်း စတင်မည့်အချိန်ကိုမသိရှိရသေးဘဲ စီမံကိန်းအတွင်း လယ်မြေများနှင့် တောင် ယာမြေများ ပါခြင်း ရှိမရှိ သိရှိနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး မြေစာရင်း ထွေအုပ်အဖွဲ့ဝင်များနှင့် စစ်ဆေးမှု များပြုလုပ်သွားမည်ဟု ချင်းပြည်နယ် သတ္တုတွင်းဝန်ကြီးက ဆိုသည်။
“ချင်းပြည်နယ်အတွက်တော့ သတ်မှတ်ထားတဲ့ သတ္တုတွင်း ဥပဒေအရ အချိုးကျ ခွဲဝေပေးမယ်လို့ သိရတယ်”ဟု ဆိုသည်။
မြေငှားပေါက်စျေးမှာ တူးဖော်သတ္တုအလိုက် တစ်ဧက ကျပ်နှစ်သိန်းမှ ငါးသိန်းအထိ ရှိမည်ဟု ၀န်ကြီးက ပြောသည်။