ကုလအထူးကိုယ်စားလှယ် နှင့် ကေအိုင်အိုခေါင်းဆောင်များ လိုင်ဇာတွင်တွေ့မည်

ကုလအထူးကိုယ်စားလှယ် နှင့် ကေအိုင်အိုခေါင်းဆောင်များ လိုင်ဇာတွင်တွေ့မည်
by -
မဇ္ဈိမ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားသည် လာမည့် ၂ဝ၁၄ခုနှစ် မတ်လ ၂၉ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များနှင့် လိုင်ဇာမြို့တွင် ထပ်မံတွေ့ဆုံမည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်က မဇ္စျိမကို ပြောသည်။

KIO ခေါင်းဆောင်များနှင့် တွေ့ဆုံရန်  မစ္စတာနမ်ဘီးယား၏ လက်ထောက် မစ္စမာရီယန်က KIO မှနည်းပညာ အထောက်အကူပြု အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကို မတ်လ ၂ဝရက်ခန့်က အကြောင်းကြားခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်က ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် တွေ့ဆုံမည့် မစ္စတာနမ်ဘီးယား၏ ခရီးစဉ်တွင် ဆွေးနွေးမည့် အကြောင်းအရာ အသေးစိတ်ကို မသိရှိသေးသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်သည်ဟု သူကခန့်မှန်းပြောဆိုသည်။

“သူက ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ တွေ့မှာပါ။ သူက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာပဲ ဆွေးနွေးကြမှာပါ။ ဒါက ဒုတိယအကြိမ် တွေ့မှာပါ”ဟု ဦးဆန်အောင်က မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယား လာပါက KIO ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးမညဟု KIO မှ စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောင်ရေးကော်မတီ တာဝန်ခံ အရပ်ဘက် အရာရှိ ဦးဒွဲပီဆားကလည်း ပြောသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဗီယားသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက လိုင်ဇာမြို့သို့ ပထမအကြိမ် သွားရောက်ခဲ့ပြီး KIO ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။