ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၁၉)စစ်တပ်မှ တပ်ပိုင် နယ်နိမိနတ် သတ်မှတ်တိုင်းထွာမှုများ ပြုလုပ်ခဲ့ရာတွင် ပေါက်ခေါင်းမြို့နယ် အရာတော်ကျေးရွာအုပ်စု သရက်တစ်ပင်ကျေးရွာ ကွင်းအမှတ်(၅၂) အတွင်းရှိ တပ်သိမ်းမြေဧက ၁ဝဝ ကျော်ပြန်ရခဲ့သော်လည်း အခြားလယ်ယာမြေဧက ၁ဝဝ ကျော်ပြန်လည် အသိမ်းခံလိုက်ရကြောင်း ဒေသခံကျေးရွာသား ကိုကျန်အောင် ကပြောသည်။
“ရွာအရှေ့ဘက်က တပ်သိမ်းမြေတွေ ပြန်ပေးပြီး ရွာမြောက်ဘက်က တောင်သူလုပ်နေတဲ့မြေတွေ သိမ်းသွား တယ်။ ပထမ သိမ်းထားတဲ့အထဲ မပါတဲ့ လယ်တွေအခုမှသိမ်းသွားတာ။ ဂျီပီအက် စက်နဲ့တိုင်းတော့ ဒါအမှန်ပဲ လို့ပြောပြီး သိမ်းသွားတာ။ ဘုတ်တိုင်တွေထူပြီး တပ်မြေလို့ ပြောသွားတယ်”ဟု ကိုကျန်အောင်က ပြောသည်။
တပ်ပိုင် နယ်နိမိတ်များ သတ်မှတ်ရန်အတွက် ကပစ(၁၉)၊ သစ်တော၊ မြေစာရင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံကျေးရွာ သားများသည် မတ်လ ၈ရက်မှ ၁၂ရက် အထိ ဂျီပီအက်စနစ်ဖြင့် တိုင်းထွာမှုများပြုလုပ်ခဲ့သည်။
ထိုသို့တိုင်းထွာမှုများ ပြုလုပ်ရာတွင် တပ်ပိုင်နယ်နိမိတ်အတွင်း မပါဝင်ဟုဆိုသည့် ၁၉၉၇ ခုနှစ်တွင်သိမ်း ယူထားသော လယ်ယာမြေဧက ၉၄၃ ဧကအနက် သရက်တစ်ပင်ကျေးရွာ အရှေ့ဘက်မှလယ်ယာမြေဧက ၁ဝဝ ကျော်ကို မူလပိုင်ရှင် လယ်သမား ၅ ဦးထံ ပြန်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။
ယင်းသို့ပြန်ပေးခဲ့သော်လည်း တပ်ပိုင်နယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာသရက်တစ်ပင်ကျေးရွာမြောက် ဘက် တွင် အခြားလယ်သမား ၁၂ ဦးလုပ်ကိုင်နေသည့် လယ်ယာမြေဧက ၁ဝဝ ကျော်ကိုထပ်မံသိမ်းယူ ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။