သန်းခေါင်စာရင်း ကောက်ယူမှု ဆိုင်းငံ့ပေးရန် ဥရောပကွန်ယက် မေတ္တာရပ်ခံ

သန်းခေါင်စာရင်း ကောက်ယူမှု ဆိုင်းငံ့ပေးရန် ဥရောပကွန်ယက် မေတ္တာရပ်ခံ
by -
မဇ္ဈိမ

မြန်မာအစိုးရအနေဖြင့် ၂ဝ၁၄ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို ဆိုင်းငံ့ထားသင့် ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပကွန်ယက် (European Burma Network) အဖွဲ့ဝင်များက မေတ္တာရပ်ခံစာတစ် စောင်ကို မတ်လ ၁၇ ရက်က ထုတ်ပြန်လိုက်သည်။

သန်းခေါင်စာရင်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်းသည် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများကို ပိုမိုဆိုးရွားသွားစေနိုင်သဖြင့် ဆိုင်းငံ့ထားစေလိုကြောင်း ယင်းအဖွဲ့က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် မတ်လ ၁၆ရက်ကလည်း သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့် အမည်စာရင်း ထည့်သွင်းခြင်း မပြုရန် နှင့် ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်အထည် ဖော်ရန် ရခိုင်ပြည်နယ်ရှိ မြို့ကြီးများတွင် တစ်ပြိုင်နက် ဆန္ဒထုတ်ဖော် မှုများ ပြုလုပ်ခဲ့သေးသည်။

သန်းခေါင်စာရင်းဥပဒေအရ “အခြားအမည်” ထည့်သွင်းရမည့် ကုတ်နံပါတ် ၉၁၄ တွင် ရခိုင်ဒေသရှိ အစ္စလာမ် ဘာသာဝင်များကို ရိုဟင်ဂျာဟု ထည့်သွင်းပါက လူဦးရေ အများစုမှာ ရိုဟင်ဂျာဟု စာရင်းပေါ် ပေါက်မည်ကို စိုးရိမ်ကာ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

ထို့အပြင် သန်းခေါင်စာရင်း လုပ်ငန်းစဉ်ဆိုင်ရာ မေးခွန်းများကို မြန်မာနိုင်ငံတွင်းရှိ လူအများအပြားက စိတ်ပါလက်ပါ ဖြေဆိုရန် ဆန္ဒမရှိပါကလည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် တိကျမှန်ကန်မှုကို ထိခိုက်စေနိုင်သည့်အတွက် သန်းခေါင်စာရင်း ကောက်ယူမှုကို ပြုလုပ်ရန် မသင့်သေးဟု ထောက်ပြထားသည်။

သို့သော် အစိုးရဘက်မှမူ ယခင်အစီစဉ်အတိုင်း အကောင်အထည်ဖော်မည်ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမြင့်ကြိုင်က ဖေဖော်ဝါရီလကပင် မဇ္စျိမနှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။

၂ဝ၁၄ခုနှစ် မတ်လ ၃ဝရက်မှ ဧပြီလ ၁ဝရက်အထိ ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ICG ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သည် ဟုဆိုကာ ဖေဖော်ဝါရီလထဲတွင် ကန့်ကွက်ခဲ့သေးသည်။

“သန်းခေါင်စာရင်းကောက်ဖို့အတွက်ကို ကျွန်တော်တို့က အရင်အစီအစဉ်တွေအတိုင်းပဲ လုပ်သွားမှာ။ တိုင်းရင်းသားတွေ အားလုံး လဲ သဘောတူမှုရထားပြီးသား၊ မျိုးနွယ်စုအတွင်းမှာ လူမျိုးအမည်ကွဲတာက သူတို့ခေါင်းဆောင်တွေ အချင်းချင်းညှိနှိုင်းပြီး ဆွေးနွေးကြလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဆက်လုပ်မှာပါ” ဟု ဦးမြင့်ကြိုင်ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် အငြင်းပွားဖွယ်ရာ အချက်လက်များပါဝင်နေခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တင်းမာလာမှုပိုမိုများပြားလားနိုင်သည့် အခြေအနေ အန္တရာယ်မျိုးရှိနေသည်ဟု ICG ကဆိုထားသည်။

လက်ရှိတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရန် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များလည်း ကျေလည်မှု မရရှိသေးပေ။