အစိုးရ၏ လုပ်ဆောင်ချက်တစ်ခုကို ပြည်သူက မကျေနပ်ပါက တားဆီးပေးရန် အကြောင်းပေါ်ပေါက် သည့်နေ့မှစပြီး နှစ်နှစ်အတွင်း တရားလွှတ်တော်ချုပ်ထံ အရေးဆို တင်ပြနိုင်မည်ဟု ပြည်ထောင်စုလွှတ် တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီက မတ်လ ၁၀ ရက်တွင် အစီရင်ခံလိုက်သည်။
လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် “၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း”၏ ပုဒ်မ ၁၆ ကို “အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေ စာချွန်တော်အမိန့်တို့နှင့် စပ်လျဉ်း၍ လျှောက်ထား လွှာတင်သွင်းရန် အကြောင်းပေါ်ပေါက်သည့်နေ့မှစ၍ နှစ်နှစ်အတွင်း လျှောက်ထားလွှာ တင်သွင်းခြင်းမပြုလျှင် စာချွန်တော်အမိန့် ထုတ်ပြန်ခြင်းမပြုရ”ဟုသာ ပြဋ္ဌာန်းရန် ဥပဒေကြမ်းပူးပေါင်း ကော်မတီက သဘောထားမှတ်ချက် အစီရင််ခံစာ တင်သွင်းထားခြင်းဖြစ်သည်။
တရားစီရင်ရေးမဏ္ဍိုင်က ကျန်အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်နှစ်ခု၏ အာဏာကို မျှခြေပြုရန် ၂၀၀၈ အခြေခံဥပဒေတွင် တရားစီရင်ရေးမဏ္ဍိုင်ကို စာချွန်တော်အမိန့် ငါးမျိုး သုံးခွင့်ပေးထားသည်။
ယင်းစာချွန်တော်အမိန့် ငါးမျိုးမှာ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေး စာချွန်တော်အမိန့်၊ တားမြစ်စေ စာချွန်တော်အမိန့်၊ အာဏာပိုင်မေး စာချွန်တော်အမိန့်၊ အမှုခေါ် စာချွန်တော်အမိန့်တို့ ဖြစ် သည်။
အဆိုပါစာချွန်တော်အမိန့် ငါးမျိုးသည် နိုင်ငံသားများ၏ အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။ ဥပမာအား ဖြင့် အစိုးရကပြုလုပ်သည့် လုပ်ဆောင်ချက်တစ်ခုကို ပြည်သူကမကျေနပ်ပါက တရားလွှတ်တော်ချုပ်ထံ ထိုလုပ်ရပ်ကို တားဆီးပေးရန် အရေးဆိုလျှောက်ထားပြီး တရားလွှတ်တော်ကလည်း ထိုကိစ္စသည် တား သင့်တားထိုက်သည်ဟု ယုံကြည်လျှင် စာချွန်တော်အမိန့်တစ်မျိုးဖြစ်သည့် “တားမြစ်စေ စာချွန်တော်အ မိန့်”ကို ထုတ်ပြန်ပြီး အစိုးရ၏လုပ်ရပ်ကို တားမြစ်နိုင်သည်။
ထိုကဲ့သို့ အရေးဆိုရန် အထက်လွှတ်တော်က တစ်နှစ်အတွင်းသာ လျှောက်ထားခွင့်ရှိသည်ဟု သဘော တူခဲ့သည့်အတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီက “နှစ်နှစ်အတွင်း”ဟု အစီရင်ခံခဲ့ခြင်း ဖြစ်သည်။လွှတ်တော်အမတ်အချို့က ၁၂ နှစ်အထိ အရေးဆိုခွင့်ရှိရန် အရေးဆိုခဲ့ဖူးသည်။
လက်ရှိအချိန်သည် အများပြည်သူတို့က မိမိတို့၏နစ်နာမှုများကို အများဆုံး ထုတ်ဖော်ပြောဆိုနေချိန်ဖြစ် သောကြောင့် “နှစ်နှစ်ကာလခွင့်ပြုခြင်းသည် ပြည်သူတို့၏ နစ်နာချက်ကို တင်ပြလျှောက်ထားရန် အခွင့် အလမ်းပိုမိုရရှိနိုင်မည်”ဟု ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင်ဖြစ်သည့် အမ ရပူရမြို့နယ်မှ အောက်လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက လွှတ်တော််တွင် ဖတ်ပြခဲ့သည်။
သို့သော် တရားစီရင်ရေးမဏ္ဍိုင်၏ အခွင့်အရေးလည်းဖြစ်၊ ပြည်သူ့အခွင့်အရေးလည်းဖြစ်သည့် ထိုစာချွန် တော်များကို အသုံးပြု၍ အရေးဆိုမှုသည် မရှိသလောက် ရှားပါးသည်။
၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ပြီးခဲ့ သည့်နှစ် ဇူလိုင်က တင်ပြခဲ့သည်။