အခြေမဲ့ကလေးများ ကော်ရှူခြင်းကိစ္စ ပညာပေးရန်သာ စီစဉ်နိုင်

အခြေမဲ့ကလေးများ ကော်ရှူခြင်းကိစ္စ ပညာပေးရန်သာ စီစဉ်နိုင်
by -
မဇ္ဈိမ

အခြေအနေမဲ့ကလေးများ ကော်ရှုခြင်းကို ကျောင်းများ၊ နီးစပ်ရာ ဆင်ခြေဖုံး ရပ်ကွက်များတွင် အသိပညာပေးခြင်းသာ စီစဉ်နိုင်ဟု မန္တလေးတိုင်း အစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက မဇ္ဈိမကို ပြောသည်။

''ဥပဒေနဲ့ မညှိစွန်းတဲ့အတွက် တရားဝင် အရေးယူလို့ မရပါဘူး၊ မူးယစ်ဆေးဝါးအဖြစ် အသုံးပြုလို့ရတဲ့အတွက် အသုံးမပြုဖို့အတွက် အသိပညာပေးမယ်၊ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အသိပညာပေးမှုတွေကိုပဲ လုပ်လို့ရပါ တယ်''ဟု ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

အခြေအနေမဲ့ လူတန်းစားများတွင် အများဆုံး အသုံးပြုနေသဖြင့် အသိပညာ ပေးရန်မှာလည်း မလွယ်ကူ ကြောင်း၊ ရပ်ကွက် အလိုက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အသိပညာပေးမှုများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ကျောင်းများတွင်လည်း မူးယစ်စေသည့်ပစ္စည်းဟု သိသာစေကာ အသုံးမပြုရန်အတွက် တားမြစ်ရန် လိုအပ်ကြောင်းနှင့် ကော်ရောင်းချသော ဆိုင်များအနေဖြင့် လာရောက်ဝယ်ယူသူ အနေအထားကိုကြည့်ကာ ရောင်းချစေလိုကြောင်းကိုလည်း ဆက်ပြောခဲ့သည်။

အသိပညာပေးခြင်းများအပြင် အသုံး ပြုသောနေရာများတွင် ပညာပေးခြင်းနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများက ကွပ်ကဲကြပ်မတ်ကာ ထိန်းသိမ်းအသိပေးခြင်း၊ အသုံးပြုနေသည်များကို တိုင်ကြားလာလျှင် သွားရောက် ထိန်းသိမ်းလမ်းညွှန်ပေးခြင်း၊ ယဉ်ကျေးမှု ကူးစက်သလို ကူးစက်နှုန်းမြန်နေသဖြင့် သေချာဂရုပြု ဆောင်ရွက်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။

ကော်ရှူခြင်းအပြင် မန္တလေးတိုင်းအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ကိစ္စရပ်များ နည်းစေရန်အတွက် သုံးစွဲမှုများနိုင်သောနေရာများအား ရှာဖွေစစ်ဆေးခြင်း၊ ဝင်ထွက်တင်ပို့နေခြင်းများကိုလည်း ဆက်တိုက် ဖမ်းဆီးအရေးယူခြင်းတို့ကိုလည်း ပြုလုပ်နေ သည်။

''ကော်ရှူခြင်းအတွက် အခုလို အသိပညာ ပေးတာတော့ ကောင်းတယ်၊ လုပ်လည်း လုပ်သင့်တယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲတဲ့နေရာတွေ၊ ရောင်းချမှုတွေ ရှိနေသေးတယ်။ သူတို့က ဆေးသုံးစရာမရှိလို့ ဆိုက်ကယ်ဦးထုပ်၊ ပိုက်ဆံအိတ်စတာတွေ လုယူမှုတွေ လုပ်တာတွေ ရှိနေတယ်၊ ဒါတွေကိုသာ ပိုမို ဖမ်းဆီးပေးစေလိုပါတယ်'' ဟု ချမ်းအေးသာစံမြို့နယ်၌ နေထိုင်သူ ကိုအေးမောင်ကြီးက ပြောသည်။