လယ်မြေပြဿနာ ဖြေရှင်းထားသည့် သမ္မတသဝဏ်လွှာ မှန်ကန်မှုမရှိဟုလွှတ်တော်အမတ်များပြော

လယ်မြေပြဿနာ ဖြေရှင်းထားသည့် သမ္မတသဝဏ်လွှာ မှန်ကန်မှုမရှိဟုလွှတ်တော်အမတ်များပြော
by -
မဇ္ဈိမ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၈ (က) တွင် “ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုလွှတ်တော်၏ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်း ထားသော် လည်း လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့် က ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပ ဉ္စမနေ့ (၂၁.၁.၁၄) တွင် လွှတ် တော်သို့ ပြောကြားခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့အသီးသီး က အကောင်အထည်မဖော်သလို ဥပဒေပါ ပြဋ္ဌာန်းချက်ကိုလည်း လိုက်နာမှုမရှိတာ တွေ့ရတယ်”ဟု ၎င်း က ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် သမ္မတ၏သဝဏ်လွှာအပေါ် သုံးသပ်ပြောကြားခဲ့ သည်။

တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်နေသည့် လယ်ယာမြေအငြင်းပွားမှုများ၊ သိမ်းဆည်းခံရမှုများနှင့်ပတ်သက် ပြီး ဒုတိယသမ္မတ ဦး ဉဏ်ထွန်း ဦးဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီက နှစ်လအတွင်း လယ်မြေအမှုပေါင်း ၄၁၈ မှု ရှင်းလင်းပြီးစီးခဲ့ကြောင်း သမ္မတ၏ သဝဏ်လွှာပါ အချက်အလက်များသည် တကယ့်မြေပြင်တွင် ဖြစ်ပျက်နေသည့် ပကတိအခြေအနေတို့နှင့် များစွာကွာခြားနေကြောင်း၊ ၎င်းမဲဆန္ဒ နယ်ဖြစ်သော ပုသိမ်မြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့သည့် လယ်ယာမြေများနှင့် ပတ်သက်၍ ဒေသခံပြည်သူတို့ တရားစွဲခံနေရကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

“တပ်သိမ်းမြေတွေ မူလပိုင်ရှင်တွေကို ပြန်ပေးမယ်ဆိုပြီး စာတွေရောက်ခဲ့ပါတယ်။ တောင်သူတွေဆီကို ပို့တာပါ။ လက်တွေ့မှာတော့ မြေတွေပြန်မအပ်တဲ့အပြင် အဲဒီတောင်သူတွေဟာ ကျူးကျော်မှုနဲ့ တရားစွဲခံ နေရပါတယ်။ “ပေးကားပေး၏ မရ” ဖြစ်နေရုံမကဘဲ တရားရုံးမှာပါ အမှုရင်ဆိုင်နေကြရတဲ့အတွက် သူတို့ အားကိုးလို့ရမယ်ထင်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဆီကို စာတင်ထားပါတယ်”ဟု ဦး ၀င်းမြင့်ကပြောသည်။

လယ်ယာမြေအမှုတွဲများအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုများ ပါ၀င်သည့် သမ္မတ၏ သဝဏ်လွှာအား လယ်/ဆည် ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဆောင် ရွက်ပြီးစီးမှု ရာခိုင်နှုန်းများပါ ထည့်သွင်း၍ လွှတ်တော်တွင် ဖတ်ကြားရှင်းလင်းမှုအပြီးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးတို့က အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်တို့မှာ ပွင့်လင်းမြင်သာမှု မရှိရုံမကမှန်ကန် တိကျမှုလည်းမရှိကြောင်း ဝေဖန်ထောက်ပြဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအုန်းသန်းက နေပြည်တော်တွင် လယ်ယာမြေအမှုပေါင်း ၁၁၁ မှုရှိပြီး ၁၀၄ မှုကို ဖြေရှင်းပေးလိုက်ရာ မြေဧကပေါင်း ၆၆,၁၇၃ ဒသမ ၅၄ ဧက ပါ၀င်ကြောင်းနှင့် အမှုဖြေရှင်း ပြီးစီးမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်း ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားခဲ့သည်။

သို့ရာတွင် ဒုတိယဝန်ကြီး၏ စကားအဆုံးမှာပင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းက “လယ်/ဆည် ဒုတိယဝန်ကြီး ရှင်းပြသွားတဲ့ မြေယာကော်မရှင်အစီရင်ခံစာပါ ၁၊ ၂၊ ၃အရ နေပြည်တော်မှာ အမှုပေါင်း ၁၁၁ မှုရှိတယ်ဆိုတာ ဘယ်ဟာကိုများပြောတာပါလဲ။ ကျွန်မတို့ ဇမ္ဗူသီရိမြို့ နယ်တစ်ခုတည်းက တင်ထားတာတောင် အမှုတွဲပေါင်း တစ်ရာကျော်ရှိပါတယ်။ တစ်ခုမှ ရှင်းလင်းပြီးစီး ခြင်းလည်း မရှိသေးပါဘူး။ သက်ဆိုင်ရာကိုယ်စားလှယ်တွေကလည်း ဒီလိုဖြေရှင်းပေးတယ်ဆိုတာကို သိရှိထားခြင်းမရှိပါဘူး။ ဒါကြောင့် နေပြည်တော် လယ်ယာမြေအမှုတွဲ ခုနစ်မှုပဲ ရှင်းဖို့ကျန်ပါတယ်ဆိုတဲ့ ဒီအဖြေကို ကျွန်မအနေနဲ့ ကန့်ကွက်ပါတယ်ရှင်”ဟု ပြည်ထောင်စုလွှတ်တော်နာယကထံသို့ တရားဝင် ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး ဦးအုန်းသန်းကမူ သက်ဆိုင်ရာကောင်စီနယ်မြေက တင်ပြထားသည့်အတိုင်း ပြီးစီးဆောင် ရွက်မှုအပေါ် သဝဏ်လွှာပေးပို့ခြင်းသာဖြစ်ကြောင်း၊ ကောင်စီနယ်မြေ၏ အစီရင်ခံစာ တင်ပြထားမှုအရ ယခုကဲ့သို့ ၁၀၄ မှု ဖြေရှင်းပေးသည်ကိုသိရကြောင်း ပြန်လည်ဖြေကြားခဲ့သော်လည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတို့နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင် ထွတ်နှင့် အခြားလွှတ်တော်ကိုယ်စားလှယ်ကိုးဦးတို့ကပါ သမ္မတသဝဏ်လွှာပါ အချက်များအပေါ် လက် မခံနိုင်ကြောင်း ကန့်ကွက်ပြောဆိုမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်က“အခု သဝဏ်လွှာပါအမှုစာရင်းဟာ ကော်မရှင်က နမူနာအဖြစ် တင်ပြ ခဲ့တာတွေကိုပဲ ရှင်းထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ကျွန်တော်တို့ တိုင်စာပေါင်း ၅,၈၅၈ ခု တင်ထားပါတယ်။ ဒါတွေကို ဘယ်လိုရှင်းသလဲဆိုတာလည်း မပါ ပါဘူး။ လယ်မြေတွေ ပြန်ပေးသလား။ ဒါမှမဟုတ် သင့်လျော်မှုရှိတဲ့ လျော်ကြေးပေးသလား။ ဘယ်လိုဖြေ ရှင်းလဲဆိုတာ မပါပါဘူး။ လယ်မြေတွေပြန်ပေးတယ်ဆိုသော်လည်း ပြည်သူတွေပြန်ရတယ်ဆိုတဲ့ သ တင်းမရှိပါဘူး။ မရှိလို့လည်း ထပ်ခါထပ်ခါ တိုင်နေကြပါတယ်”ဟု လွှတ်တော်သို့ ပြောခဲ့သည်။

ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက သဝဏ်လွှာ၏ မှန်ကန်တိ ကျမှုမရှိခြင်းနှင့် ပတ်သက်ပြီး “၀န်ကြီးရှင်းသွားတဲ့ အနေအထားနဲ့ လက်တွေ့နဲ့ အများကြီးကွာခြားပါ တယ်။ ရွှေပြည်သာမှာ ဧကပေါင်းသောင်းနဲ့ချီ သိမ်းခဲ့ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်က သိမ်းတဲ့ မြေအတွက် ထိုက်သင့်တဲ့ လျော်ကြေးပေးဖို့ပါ။ ဒုတိယက စီမံကိန်းမလုပ်ဖြစ်တဲ့ မြေပိုတွေကို ပြန်ပေးဖို့ ဖြစ်ပါတယ်။ အခု တကယ်ဖြစ်နေတာက မြေပိုတွေပြန်မရတဲ့အပြင် အဲ့ဒီမြေပိုတွေမှာ ကျူးကျော်တွေ မြေချပါမစ်တွေနဲ့ တရားဝင်ချပေးနေတာတွေ ဖြစ်လာပါတယ်။ ဒီအမှုတွေ တစ်ခုမှ မပြီးသေးပါဘူး”ဟု ထောက်ပြဆွေးနွေးခဲ့သည်။

၀န်ကြီးဌာနများ၏ ၂၀၁၄-၁၅ ဘတ်ဂျက်လျာထားမှုများကို ကြည့်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်၌ မြေယာလျော်ကြေးများပေးရန်ပါရှိသော်လည်း ပြည်ထဲရေး၏ ဘတ်ဂျက်တွင် လတ်တ လောသိမ်းထားသော မြေများအတွက်သာပါ၀င်ပြီး ယခင်က သိမ်းခဲ့သောမြေများအတွက် ပါ၀င်သည်ကို မတွေ့ရကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထို့အပြင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ ၀င် ရောက်သင့်သလောက် ၀င်ရောက်လာမှုမရှိခြင်းသည် လယ်ယာမြေအမှုကိစ္စများ၏ အကျိုးဆက်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက လွှတ်တော်သို့ ပြောခဲ့သည်။

“ရန်ကုန်မှာဆိုရင် မြို့ပြအသစ်တည်ဆောက်ခြင်းနဲ့ စက်မှုဇုန်တွေတည်ဆောက်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ လယ်ယာမြေအမှု ၆၃ မှု ရှိပါတယ်။ ဒါတွေကို ဖြေရှင်းမပေးနိုင်သေးသရွေ့ မြို့ကြီးတွေမှာ အလုပ်လက်မဲ့တွေ များလာတယ်။ လယ်ယာမြေအမှုတွေဖြေရှင်းပေးပြီးလို့ စက်မှုဇုန်တစ်ခုပြီးတိုင်းပြီး တိုင်း လူတွေအလုပ်ရပါမယ်။ အခုလမ်းပေါ်မှာ တဲထိုးကြတဲ့ ပြဿနာတွေ၊ နိုင်ငံခြားအရင်းအနှီးတွေ ၀င်မလာနိုင်တဲ့ အကြောင်းရင်းတွေဟာ ဒီလယ်ယာမြေတွေပေါ် အခြေခံနေတယ်။ ဒါတွေကို အသေး စိတ်မဖြေရှင်းနိုင်ရင် တိုင်းပြည်က ဒီထက်ပိုပြီး ဆင်းရဲလာမယ်။ အလုပ်လက်မဲ့ ပိုများလာမယ်”ဟု ဒေါက် တာခင်ရွှေက ထောက်ပြပြောဆိုခဲ့သည်။

သမ္မတ၏ သဝဏ်လွှာတွင် ကချင်ပြည်နယ်၌ လယ်ယာမြေအမှုတစ်မှုရှိပြီး ၎င်းကို ဖြေရှင်းပေးပြီးဖြစ်၍ ရာနှုန်းပြည့် ဖြေရှင်းပြီးကြောင်း ဒုတိယဝန်ကြီးက ဖတ်ကြားခြင်းအပေါ် ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကျွန်မတို့ ကချင်ပြည်နယ်အနေနဲ့ လယ်ယာမြေကိစ္စ တွေကို လွန်ခဲ့တဲ့ကာလတွေမှာ ဘယ်သူ့ကို တင်ပြရမှန်းမသိလို့ မတင်ပြခဲ့ရတဲ့ ကိစ္စတွေရှိပါတယ်။ တချို့ကတော့ တပ်မတော်ဘက်မှာ တိုက်ရိုက်တင်ထားတဲ့ မြေအမှုတွေရှိပေမယ့် အခုထိဆောင်ရွက်ပြီး စီးမှုမရှိသေးဘူးဆိုတာ သိရပါတယ်”ဟု ပြောကြားခဲ့သည်။

သမ္မတသဝဏ်လွှာအရ လယ်ယာမြေအမှု ၅၂ မှုရှိပြီး ၂၇ မှုကို ဖြေရှင်းပြီးစီးပါသည်ဟူသော မကွေး တိုင်းအတွင်းရှိ မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုကလည်း ၎င်း ကမဲဆန္ဒနယ် မင်းဘူးတစ်မြို့တည်းမှာပင် တပ်သိမ်းမြေဧက ၃၅၀ ကျော်ရှိကြောင်းနှင့် ပြန်ပေးသည်ဟု စာရွက်ပေါ်မှာပဲ ကြားသိရကြောင်း၊ တကယ်ပြန်မရကြသော်လည်း အသိမ်းခံရသော လယ်သမားတို့က ကြောက်ရွံ့သဖြင့် ရဲရဲဝ့ံဝံ့မတောင်းရဲကြကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကတစ်ဆင့် မေးမြန်းရန် စီစဉ်ထားကြောင်း ပါ၀င်ပြောကြားခဲ့သည်။

လယ်ယာမြေအမှု ခုနစ်မှုရှိသည့်အနက် တစ်မှုကို ဖြေရှင်းပြီးကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ဖော် ပြထားသည့် တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင် ရီက “တကယ်တော့ ကျွန်မတို့ တနင်္သာရီတိုင်းမှာ လယ်ယာမြေအမှုပေါင်း တစ်ရာကျော်လောက်ရှိပါ တယ်။ ကျွန်မတစ်ဦးတည်းတင်ထားတာတောင် အမှု ၆၀ ကျော်ရှိတယ်။ သိရသလောက်ဆို ပုလောမှာ အမှု ၄၀ ရှိတယ်။ စစ်ဆေးဆဲ လယ်ယာမြေအမှုက အတော်နည်းနေသေးလို့ လယ်ယာမြေစုံစမ်းရေး ကော်မရှင်က အမြန်ကွင်းဆင်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်”ဟု ဝေဖန်ထောက်ပြရင်း တစ်လက်စ တည်း တောင်းဆိုတင်ပြခဲ့သည်။

ထိုသို့ ဝေဖန်ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယခုလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံ မိမိအကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အပြုသဘောဆောင်စွာ ပူး ပေါင်းဆောင်ရွက်သွားဖို့လည်းလိုပါကြောင်းနှင့် အဆိုပါဆွေးနွေးအကြံပြုချက်များ မဆုံးရှုံးရစေရန် မိမိဘက်က တတ်နိုင်သမျှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most read this week