လာမည့် ဘဏ္ဍာနှစ်အတွက် နယ်မြေအလိုက်ဖွံ့ဖြိုးမှုလျာထားချက်တွင် အခြားသော နယ်မြေများထက် နေပြည်တော်ကောင်စီနယ်မြေက အဆပေါင်းများစွာ သာနေသည်ကို ဇန်နဝါရီ ၁၇ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ အကြိတ်အနယ် ဆွေးနွေးကြဖွယ်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့က မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။
နယ်မြေအလိုက် ဖွံ့ဖြိုးမှုလျာထားချက်တွင် နေပြည်တောင်ကော်စီအတွက် ၂၈ ဒသမ ၂ ရာခိုင်နှုန်း (တစ် နိုင်ငံလုံး၏ သုံးပုံ တစ်ပုံခန့်) သုံးစွဲသွားမည်ဟု ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင် သွင်းသည့် “၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း” တွင် လျာထားဖော်ပြထားသည်။
ယင်းဥပဒေကြမ်းကို အမျိုးသားရေးစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနဝန်ကြီး ဒေါက် တာကံဇော်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုလျာထားချက်တွင် နေပြည်တော်ကောင်စီ အများဆုံးဖြစ်နေခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “နိုင်ငံ့ခေါင်းဆောင်တွေ သဘောပေါက်ရင် ရှက်ဖို့ကောင်းပါတယ်” ဟု မဇ္ဈိမကိုပြောသည်။
အလားတူ ၉.၃ ရာခိုင်နှုန်းသာ လျာထားခံရသည့် ရန်ကုန်တိုင်းမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်း ကြည်ကလည်း “ကျွန်မတို့ ဒါကိုစောင့်နေတာပါ။ ဒီကိစ္စကို ထင်တာထက်ပိုပြီးတော့ အများကြီး ဆွေးနွေး ကြမှာပါ” ဟု ဆိုသည်။
သို့သော် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးကမူ ၂၈ ဒသမ ၂ ရာခိုင်နှုန်း လျာထားသည်ဟုဆိုခြင်းမှာ အစိုးရစီမံကိန်းများဖြင့် ဆောင်ရွက်မည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ ရာထူးထမ်းဆောင်စဉ် တိုးဝင်လာမည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ထွန်းလာမည့် တိုးတက်မှုများကို တွက်ချက်ထားကြောင်း မဇ္ဈိမကို ဖြေကြားထားသည်။
ဒေသအလိုက်ဖွံ့ဖြိုးမှုလျာထားချက်များမှာ ကချင်၂ ရာခိုင်နှုန်း၊ ကယား ၁၀ ဒသမ ၁၊ ကရင် ၁၅ ဒသမ ၄ ၊ ချင်း ၂၆ ဒသမ ၄ ၊ စစ်ကိုင်း ၉ ဒသမ ၆၊ တနင်္သာရီ ၉ ဒသမ ၄ ၊ ပဲခူး ၈ ဒသမ ရ၊ မကွေး ၈ ဒသမ ၂၊ မန္တလေး ၁၂ ဒသမ ၄၊ မွန် ၁၀ ဒသမ ၄၊ ရခိုင် ၅ ဒသမ ရ၊ ရန်ကုန် ၉ ဒသမ ၃၊ ဧရာဝတီ ၆ ဒသမ ၂၊ နေပြည်တော်ကောင်စီနယ်မြေ ၂၈ ဒသမ ၂ ရာခိုင်နှုန်းတို့ ဖြစ်သည်။