ချင်းပြည်နယ် ဖလမ်းမြို့တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံ ဟောပြောပွဲကို ဝန်ထမ်းများနှင့် ကျောင်းသားများ သွားရောက်လျှင် အရေးယူမည်ဟူသော သတင်းနှင့် ပတ်သက်၍ ထိုသို့ အမှန်တကယ် ပိတ်ပင်တားဆီးသည်ဆိုလျှင် ချင်းပြည်နယ်အစိုးရကို တရားဝင်ကန့်ကွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က "တကယ်တော့ ကျွန်မတို့ ဒီလိုလုပ်တယ်ဆိုတာ ထင်ရှားရင် ဒါကို တရားဝင်ကို ကန့်ကွက်ပါမယ်။ တရားဝင်ကို ချင်းပြည်နယ်အစိုးရကို ကန့်ကွက်ပါမယ်။ အဲဒီ့တော့ ဘယ်ကျောင်းတွေမှာ လုပ်တယ်ဆိုတာ ကျောင်းသူကျောင်းသားတွေက ပြောပါ။ ဝန်ထမ်းတွေကလည်း ကျွန်မတို့ကို အသိပေးပါ။ မကြောက်ပါနဲ့။ ဘာမှမဖြစ်စေရပါဘူး။ ကျွန်မတို့ ဒီပြည်နယ်အစိုးရကို ကန့်ကွက်ပါ မယ်"ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည်နှင့် ပတ်သက်၍ ဝန်ထမ်းများနှင့် ကျောင်းသားများကို ကြိုဆိုခွင့်မပြုသည့်အပြင်ဟောပြောပွဲလည်း တက်ခွင့်မပြုထားဟု ဒေသခံ ချင်းအမျိုးသားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲအပြီး အမေးအဖြေ အစီအစဉ်တွင် ပြောကြားသည်။
ချင်းအမျိုးသား ဦးခပ်နင်ထန်က "ဒါဟာ ပိတ်ပင်တားဆီးခွင့် ရှိပါသလား။ ဒါတွေဟာ တရားနဲ့ ညီမျှသလား ဆိုတာ မေးချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဟောပြောပွဲတွင် မေးမြန်းသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေရာတွင် "ဘယ်သူမှ အဲလို တားဆီးပိတ်ပင်ပိုင်ခွင့် မရှိပါဘူး။ ဘယ်သူက တားဆီးတာလဲ။ တားဆီးတဲ့လူကို ကျွန်မကိုယ်တိုင် ဖြေရှင်းချက်တောင်းပါမယ်။ ဘယ်သူတွေက တားဆီးနေတာပါလဲ" ဟု ပြောသည်။
ထိုသို့ တားဆီးခြင်းမှာ ဌာနဆိုင်ရာများတွင် တရားဝင်တားဆီးခြင်း မဟုတ်ဘဲ နှုတ်ဖြင့် ဌာနလူကြီးများက ပြောခြင်းဖြစ်ပြီး ကျောင်းများ တွင်လည်း စာဖြင့်မဟုတ်ဘဲ ဆရာ၊ ဆရာမများက ကျောင်းသူကျောင်းသား များကို တားမြစ်ထားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖလမ်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဟောက်ဇနန်းကလည်း "ဝန်ထမ်းတွေလာ ရင် အရေးယူမယ်လို့ ပြောတော့ လာတဲ့လူ နည်းသွားတာပေါ့။ အဲလိုပြောတာက မြို့နယ် အာဏာပိုင်တွေကပြောတာ။ ကျောင်းဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေ မလာနဲ့လို့ ပြောထားတာ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက သတင်းထွက်နေတာပါ။ ဘယ်လိုအရေးယူ မယ်လို့တော့ မပြောဘူး"ဟု မဇ္ဈိမသို့ အတည်ပြုပြောသည်။
ဒေသခံဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ ထိုသို့ တားမြစ်သည်မှာ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုခြင်း ဖြစ်သည် ဆိုသောကြောင့် ဇန်နဝါရီ ၈ရက်တွင် ခရိုင်အုပ်ချုပ်ရေးမှူးထံ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်က "ဒီလိုလုပ်တာ အင်မတန်မှ မတရားဘူး။ ဒါပြည်သူလူထုကို စော်ကားတာ။ ဒီမိုကရေစီကို ချိုးဖောက်တာဖြစ်လို့ ကျွန်မအနေနဲ့တော့ ဒါရာဇဝတ်မှုလို့တောင် ထင်ပါတယ်"ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲအပြီးတွင် ဖလမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကလေးများကို ကျောင်းဆင်းချိန် မရောက်သေးသော်လည်း ဟောပြောပွဲသို့ လွှတ်ပေးလိုက်သည့်အတွက် အလယ်တန်းအဆင့် ကလေးငယ်များ ရောက်ရှိလာသည်။
ထိုသို့ ရောက်ရှိလာသော ကလေးများ၏ အသံကို ဒေါ်အောင်ဆန်းစုကြည်က ကြားချင်သောကြောင့် သီချင်း သံပြိုင်ဆိုစေရာ ကလေးငယ်များက မြန်မာ့ကျောင်းသားသီချင်းကို သီဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ ဒေါ်အေင်ဆန်းစုကြည် အပါအဝင် လုံခြံုရေးအဖွဲ့ဝင်များက ခင်မောင်တိုး သီဆိုထားသည့် “အရှုံးမပေးနဲ့ မီးငယ်ရေ” သီချင်းကို ပြန်လည် သီဆိုခဲ့သည်။