ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ အကြံပြုချက် သုံးသိန်းကျော်ကို ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီက အဖွဲ့ငါးဖွဲ့ဖြင့် လေ့လာသုံးသပ်ရန် ဇန်နဝါရီ ရ ရက်တွင် ကျင်းပပြုလုပ် သည့် ကော်မတီ၏အစည်းအဝေးက ဆုံးဖြတ်လိုက်သည်ဟု အဖွဲ့(၄) ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။
အဆိုပါပူးပေါင်းကော်မတီမှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ မပါ၀င်ဘဲ ကော်မတီဝင် ၁၀၆ ဦးဖြင့် အဖွဲ့ငါးဖွဲ့ခွဲ ကာ လေ့လာသုံးသပ်မှုပြုမည်ဖြစ်ပြီး အဖွဲ့(၁) တွင် အဖွဲ့ခေါင်းဆောင် သူရဦးအေးမြင့်အပါအဝင် အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ငါးဦး ပါ၀င်ပြီးကျန်အဖွဲ့ များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ သူရဦးအောင်ကိုနှင့် ဦးစိုးနိုင်တို့ ပါ၀င်သော အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ငါးဦးစီ ပါ၀င်ဖွဲ့စည်းထားသည်ဟု ဆိုသည်။
အဖွဲ့(၄)ခေါင်းဆောင်သူရဦးအောင်ကိုက “ကျွန်တော်တို့အဖွဲ့က ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာအကြံပြုချက်တွေကို တာဝန်ယူ လေ့လာစိစစ်ရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်းတိုင်း ဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့ လေ့လာသုံးသပ်ရမယ့် အခန်းက ပိုပြီး အရေးကြီး တဲ့အတွက် ဒီ တာဝန်ကိုပေးလို့ ဂုဏ်ယူပါတယ်”ဟု ပြောသည်။
အဖွဲ့(၄)၏ ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ကော်မတီသို့ ရောက်ရှိလာသည့် အကြံပြုချက်များကို အခန်းလိုက်၊ ပုဒ်မအလိုက် စုစည်းပြီး အုပ်စုခွဲရမည်ဖြစ်ကြောင်း၊ ပူးပေါင်းကော်မတီအစည်းအဝေးကိုလည်း တစ်ပတ်တစ်ကြိမ် ကျင်းပမည်ဖြစ်ပြီး အဖွဲ့အလိုက် သုံးသပ် ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ပေးပို့နိုင်ရန် ဆောင်ရွက်ရမည်ဖြစ် သည်ဟု ဆိုသည်။
အဆိုပါအဖွဲ့များက တာဝန်ယူ လေ့လာသုံးသပ်ရမည့် အကြံပြုစာများကို ဇန်နဝါရီ ၈ ရက်မှ စတင်ကာ လေ့လာသုံးသပ်ကြရမည်ဖြစ်သည်။
သူရဦးအေးမြင့်ခေါင်းဆောင်သည့် အဖွဲ့(၁)သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁)၊ (၂)၊ (၃) နှင့် အခန်း (၁၂)ကိုလည်းကောင်း၊ ဦးသိန်းဇော်ခေါင်းဆောင်သည့် အဖွဲ့(၂)သည် အခန်း(၈)နှင့် နောက် ဆက်တွဲဇယား ငါးခုစလုံးကိုလည်းကောင်း၊ ဦးသိန်းဆွေခေါင်းဆောင်သည့် အဖွဲ့(၃)သည် အခန်း(၇)၊ အခန်း (၁၁) နှင့် အခန်း(၁၅)တို့ကိုလည်းကောင်း၊ သူရဦးအောင်ကို ခေါင်းဆောင်သည့် အဖွဲ့(၄)သည် အခန်း(၄)၊ အခန်း(၅)နှင့် အခန်း(၆)တို့ကိုလည်းကောင်း၊ ဦးစိုးနိုင် ခေါင်းဆောင်သည့် အဖွဲ့(၅)သည် အခန်း (၉)၊ အခန်း(၁၀)၊ အခန်း(၁၃)နှင့် အခန်း (၁၄)တို့ကိုလည်းကောင်း တာဝန်ယူလေ့လာ စိစစ်ရမည်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါကော်မတီကို အရပ်သား လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ အဆို ပါကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် ကွယ် လွန်ခဲ့သည့်အတွက် လက်ရှိတွင် ကော်မတီတွင် ၁၀၈ ဦးသာ ရှိသည်။