ကရင်ပြည်နယ်၊ ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက် DKBA မှ ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ရန်ရှိ သည်ဟု ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေက မဇ္ဈိမကို ပြောသည်။
အစိုးရဘက်နှင့် မိမိတို့တပ်ဖွဲ့တို့ ဆက်စပ်လုပ်ကိုင်ရမည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန်အတွက် ဆက်ဆံရေးရုံးများကို ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့တို့ တွင်ထပ်မံ ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဗိုလ်ချုပ်စောမိုရှေက "ဖွင့်ဖို့စီစဉ်နေတာကြာပြီ၊ ဒါပေမယ့် အဲဒီဘက်ကို ထားရမယ့်၊ တာဝန်ယူနိုင်မယ့်သူ မရှိသေးလို့ ဆက်ဆံရေးရုံးဖွင့်မယ်၊ ဖွင့်မယ်နဲ့ အစီအစဉ်နဲ့ပဲ ရပ်နေရတာ၊ လာမယ့်လတွေမှာ ဆက်လုပ်သွားမှာပါ"ဟု ပြောသည်။
DKBA တပ်များရှိသည့် နယ်မြေများတွင် ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ခြင်းဖြင့် မိမိတို့တပ်ချထားသည့် နေရာများတွင် အစိုးရဘက်နှင့် တိုက်ရိုက်ဆက်သွယ်ရန်လည်း လွယ်ကူနိုင်မည်ဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာရှိပါကလည်း ဆက်ဆံရေးရုံးမှတစ်ဆင့် ဖြေရှင်းနိုင်မည်ဟု ဗိုလ်မှူးစောထွန်းထွန်းက ပြောသည်။
ကလို့ထူးဘောစစ်ဌာနချုပ်လက်အောက်မှ ဆက်ဆံရေးရုံးများကို မြဝတီ၊ ဘားအံ၊ ကော့ကရိတ်မြို့များ တွင်လည်း ဖွင့်လှစ်ထားပြီးဖြစ်သည်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ရက်တွင် အစိုးရနှင့် အပစ် အခတ်ရပ်စဲရေးသဘောတူညီမှုရယူထားပြီး အပစ်အခတ်ရပ်စဲရေးတွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပြီး ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင်လည်း ပါ၀င်ဆွေးနွေးလျှက်ရှိသည့်အဖွဲ့အစည်းဖြစ် သည်။